အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၂

၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများနှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများအား စည်ကား သိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ဒုတိယအကြိမ် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၆ ရက်နေ့တွင် ကျင်းပ ဆောင်ရွက်ခဲ့ပြီး ယခုအခါ ပြည်ထောင်စုဝန်ကြီး လမ်းညွှန်ချက်နှင့်အညီ ဒုတိယအကြိမ် ကျင်းပရခြင်း ဖြစ်ကြောင်း၊ ပထမအကြိမ် အစည်းအဝေးမှတ်တမ်းကို အစည်းအဝေး တက်ရောက်ခဲ့သည့် ဌာနများကို ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊ အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်တွင်ပါရှိသော အချက်များအပေါ် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေး ဗဟို ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးတွင် National Fitness ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးဖြစ်စေရေး၊ တက်ကြွရွှင်လန်းစွာဖြင့် မိမိတို့ တာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရေးကို ရည်ရွယ်ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်း ဖြစ်ကြောင်း၊ ယခင်နှစ်က ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်နှင့် တိုက်ဆိုင်နေသည့်အတွက် ဒီဇင်ဘာလမ်းလျှောက်ပွဲကို နောက်ဆုံးပတ်တွင်သာ လျှောက်နိုင်ခဲ့ကြောင်း၊ လူထုအားကစားလှုပ်ရှားမှု များကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားရန် တိုက်တွန်းပြောကြား လိုကြောင်း၊ ဝန်ကြီးဌာနများအလိုက် လူထုလမ်းလျှောက်ပွဲသို့ အင်ပြည့်အားပြည့် ပူးပေါင်းပါဝင် ပေးစေလိုကြောင်း၊ ဝန်ကြီးဌာနအဆင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစား ပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများအဖြစ် မီတာ (၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀)အပြေးပြိုင်ပွဲ၊ လွန်ဆွဲ(ကျား/မ)နှင့် တုတ်ဆီးထိုး(မ) စသည့် အားကစားပြိုင်ပွဲများ ကျင်းပမည်ဖြစ်ပြီး စည်းမျဉ်း/စည်းကမ်းများကို ဝန်ကြီးဌာနများသို့ ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊ လွန်ဆွဲပြိုင်ပွဲနှင့် တုတ်ဆီးတိုးပြိုင်ပွဲ ဗိုလ်လုပွဲပြိုင်ပွဲ များကို လွတ်လပ်ရေးနေ့တွင် ကျင်းပရန် စီစဉ်ထားရှိပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဝန်ထမ်းများ စည်ကားသိုက်မြိုက်စွာ တက်ရောက်အားပေးကြစေလိုကြောင်း၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးဆောင်ဝန်ကြီးဌာနများနှင့် အထောက်အကူပြုဝန်ကြီးဌာနများ စုဖွဲ့တာဝန် ပေးအပ်ထားသည်ကို အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူးများအား ဦးဆောင်ဝန်ကြီးဌာနများနှင့် အခြေခံပညာကျောင်းများတွင် ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တွဲဖက်တာဝန်ပေးထားပါကြောင်း၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဝန်ကြီး ဌာနများအနေဖြင့် ပါဝင်ယှဉ်ပြိုင်မှု ရှိ/မရှိ ၁၀-၁၂-၂၀၂၅ ရက်နေ့ အထိ နောက်မကျစေဘဲ အကြောင်း ပြန်ကြားပေးစေလိုကြောင်း၊ Mass Sport ဖြစ်သည့် လူထုအားကစားလှုပ်ရှားမှု ဒီဇင်ဘာလမ်းလျှောက်ပွဲ နှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပွဲများတွင် စည်းစည်းရုံးရုံး ပါဝင်ဆင်နွှဲ ပေးကြရန် ပြောကြားခဲ့သည်။

အစီအစဉ်အရ အစည်းအဝေးတက်ရောက်လာကြသည့် ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်း များ၊ ဝန်ကြီးဌာနကိုယ်စားလှယ်များနှင့် အားကစားနှင့်ကာပညာဦးစီးဌာနမှ တာဝန်ရှိသူများက အသီးသီး ဆွေးနွေးတင်ပြခဲ့ကြသည်။

ဒုတိယဝန်ကြီးက နိဂုံးချုပ်အနေဖြင့် ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပြန်လည်ဆွေးနွေးပြောကြားခဲ့ပြီး‌နောက် လူထုအားကစားလှုပ်ရှားမှုနှင့်ပတ်သက်၍ ဝတ္တုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံပြိုင်ပွဲများကိုလည်း ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပြီး အစည်းအဝေးအားရုပ်သိမ်းခဲ့ ကြောင်းသိရသည်။