![]()
၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ ဇူလိုင် ၆
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် “၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ” (ဆဋ္ဌမနေ့) (အမျိုးသား/အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဦးသန်းမောင်၊ ဒေါက်တာသက်သက်ဇင်၊ ဦးတင်ဦးလွင်၊ ဒေါက်တာမောင်သင်း၊ ဒေါက်တာစိုးဝင်း၊ ဒေါ်နိုင်သက်ဦး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှတာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ အရာထမ်း/ အမှုထမ်းများ၊ ဝန်ကြီးဌာနကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။
ယနေ့ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး)ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် Linking Event-3 (အမျိုးသမီး)ပြိုင်ပွဲတွင် ပညာရေးဝန်ကြီးဌာနအသင်းက ရမှတ် ၄၁၆ မှတ်ဖြင့် ဒုတိယဆုကိုလည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ရမှတ် ၄၃၀ မှတ်ဖြင့် ပထမဆု ကိုလည်းကောင်း၊ Linking Event-3 (အမျိုးသား)ပြိုင်ပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ရမှတ် ၄၉၉ မှတ်ဖြင့် ဒုတိယဆုကိုလည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းက ရမှတ် ၅၀၆ မှတ်ဖြင့် ပထမဆုကိုလည်းကောင်း၊ ၄ ပေါက်တန်း (အမျိုးသမီး)ပြိုင်ပွဲတွင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက ရမှတ် ၆၂၂ မှတ်ဖြင့် ဒုတိယဆုကိုလည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းက ရမှတ် ၆၅၁ မှတ်ဖြင့် ပထမဆုကိုလည်းကောင်း၊ ၆ ပေါက်တန်း (အမျိုးသား) ပြိုင်ပွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းက ရမှတ် ၁၃၂၉ မှတ်ဖြင့် ဒုတိယဆုကို လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းက ရမှတ် ၁၄၄၁ မှတ်ဖြင့် ပထမဆုကို လည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ အတိုးတက်ဆုံးအသင်း ဆုများရရှိသည့် ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ကို မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲဝင့်ထွဋ်တင်ကလည်းကောင်း၊ အတိုးတက်ဆုံးအသင်းဆုများရရှိသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းနှင့် သာသနာရေးဝန်ကြီးဌာနအသင်းတို့ကို မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ် နာယက ဦးစိုးတင့်ကလည်းကောင်း၊ အတိုးတက်ဆုံးအသင်းဆုများရရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်း၊ အလုပ်သမားဝန်ကြီးဌာနအသင်းတို့ကို အားကစားရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီကလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအသင်းနှင့် Linking Event-3 ပြိုင်ပွဲတွင် အကောင်းဆုံး အမျိုးသမီးအားကစား သမားဆုရရှိသည့် ပညာရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ် (၁) မှုံနံ့သာတို့ကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးကလည်းကောင်း၊ Linking Event-3 ပြိုင်ပွဲတွင် အကောင်းဆုံးအမျိုးသားအားကစားသမားဆုရရှိသည့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန အသင်းမှ ကျောနံပါတ်(၁) မင်းသစ္စာအောင်၊ အမျိုးသမီး ၄ ပေါက်တန်းပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားဆုရရှိသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၁) အေးအေးသန်း နှင့် အမျိုးသား ၆ ပေါက်တန်းပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရရှိသည့် ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၃) လင်းထက်နိုင်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကလည်းကောင်း ဆုဖလားများနှင့် ငွေသားဆုများကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး အမျိုးသမီး Linking Event-3 ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသည့် သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းနှင့် အားကစားရေးရာဝန်ကြီးဌာနအသင်း၊ ဒုတိယဆုရရှိသည့် ပညာရေးဝန်ကြီးဌာနအသင်းနှင့် ပထမဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းတို့ကို လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းကလည်းကောင်း၊ အမျိုးသား Linking Event-3 ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသည့် ပညာရေးဝန်ကြီးဌာနအသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်း၊ ဒုတိယဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းနှင့် ပထမဆုရရှိသည့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းတို့ကို သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင်ကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီး ပေးအပ် ချီးမြှင့်ခဲ့သည်။
ယင်းနောက် အမျိုးသမီး ၄ ပေါက်တန်းပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသည့် အားကစားရေးရာ ဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း၊ ဒုတိယဆုရရှိသည့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းနှင့် ပထမဆုရရှိသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အသင်းတို့ကို အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က လည်းကောင်း၊ အမျိုးသား ၆ ပေါက်တန်းပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသည့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ ဒုတိယဆုရရှိသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းနှင့် ပထမဆုရရှိသည့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်း တို့ကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်ကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး အမျိုးသမီး တံခွန်စိုက်ဆုဖလားရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ကလည်းကောင်း၊ အမျိုးသား တံခွန်စိုက်ဆုဖလားရရှိသည့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ကလည်းကောင်း တံခွန်စိုက် ဆုဖလားများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံး (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ပြိုင်ပွဲကာလ ၆ ရက် ကြာ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၄ သင်း၊ အမျိုးသမီးအသင်း ၆ သင်း၊ စုစုပေါင်း ပြိုင်ပွဲဝင်အင်အား ၂၅၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။




