အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ ဇွန် ၂

မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း ပြန်လည်ဦးမော့လာစေရန်၊ မြန်မာ့အားကစား အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန် နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အားကစားရေးရာဝန်ကြီးဌာနမှကြီးမှူး၍ သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီး နှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်ကို ယနေ့မွန်းလွဲ ၃ နာရီမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် လူငယ်အားကစား လေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်း(၁)(စက်ဘီးကွင်း)၌လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်ကို လူငယ် အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်းတွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လွှတ်တော် ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ ပြိုင်ပွဲကျင်းပရေး ဆိုင်ရာနှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ဘောလုံး အားကစားဝါသနာရှင် ပရိသတ်များက တစ်ခဲနက်လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့(အမျိုးသား) ဘောလုံးပြိုင်ပွဲတတိယလုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးလေ့ကျင့်ရေးကွင်း(၁)ရှိ (စက်ဘီးကွင်း) တွင် ဧရာဝတီတိုင်းဒေသကြီးအသင်း နှင့် ကချင်ပြည်နယ် အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ ပြိုင်ပွဲပြီးဆုံးချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို (၄)ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ် လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်း၌ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကရင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကရင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို(၁)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး အကြိတ်အနယ် ယှဉ်ပြိုင်အနိုင် ရရှိခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ အကောင်းဆုံး ဂိုးသမားဆုရရှိသော ကရင်ပြည်နယ်အသင်းမှကျောနံပတ်(၁)စောကောင်းခန့် ကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးမြို့တော်ဝန်ဦးမျိုးမြင့်အောင် က လည်းကောင်း၊ အကောင်းဆုံးနောက်တန်းအားကစားသမား ဆုရရှိသော ရှမ်းပြည်နယ်အသင်းမှ ကျောနံပတ်(၄) သန့်စင် ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဦးစိုးဦး က လည်းကောင်း၊ အကောင်းဆုံးအလယ်တန်းအားကစားသမားဆုရရှိသော ကရင် ပြည်နယ်အသင်းမှ ကျောနံပတ်(၁၀) စောအောင်မျိုးဦး ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဒေါက်တာထူးမောင် က လည်းကောင်း၊ အကောင်းဆုံး ရှေ့တန်းအားကစားသမားဆုရရှိသောဧရာဝတီတိုင်းဒေသကြီးအသင်းမှကျောနံပတ်(၁၀)ကျော်လင်းခန့် ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်း က လည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသော ရှမ်းပြည်နယ်အသင်းမှ ကျောနံပတ်(၁၁)ခွန်သာအောင် ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဗိုလ်ဌေး က လည်းကောင်း၊ တစ်ဦးချင်းအကောင်းဆုံးဆုဖလားများနှင့် ငွေသားဆု များကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ပြီး စတုတ္ထဆုရရှိသော ကချင်ပြည်နယ်အသင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းတင့် က လည်းကောင်း၊ တတိယဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်းကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး က လည်းကောင်း၊ ဒုတိယဆုရရှိသော ရှမ်းပြည်နယ်အသင်းကို ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို က လည်းကောင်း၊ တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပထမဆုရရှိသော ကရင်ပြည်နယ်အသင်းအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင် က တစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ပထမဆုရရှိခဲ့သော ကရင်ပြည်နယ်အသင်းအား ငွေသားဆုကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့် တံခွန်စိုက်ဆုဖလားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူတို့က ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်းသိရှိရသည်။