အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ ဇွန် ၆

တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာ‌စေရန်ရည်ရွယ်၍ “၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒိုင်လူကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အုပ်ချုပ်/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်စားပွဲတင်တင်းနစ်ပြိုင်ပွဲကို မိမိတို့ ရန်ကုန်တိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရသည့်အတွက်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ကျင်းပပေးခြင်းဖြင့် ပြည်သူတစ်ရပ်လုံး အားကစား ကို စိတ်ဝင်စားလာပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံး တွင်ရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ စားပွဲတင်တင်းနစ် အားကစားသမားများတွေ့ဆုံယှဉ်ပြိုင်စေခြင်းဖြင့် အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိ၍ မျိုးဆက်သစ်လူငယ်စားပွဲတင် တင်းနစ်အားကစားသမားများ ပေါ်ထွက်လာစေရေး နှင့်စားပွဲတင်တင်းနစ်အားကစားနည်းကို နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားကစားလာစေခြင်းဖြင့် စားပွဲတင်တင်းနစ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာ‌စေရန်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ အားကစားကိုအားပေးပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသလို အားကစားသမားများဘက်ကလည်း နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိရိုသေကြစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စားပွဲတင်တင်းနစ်ပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် မိမိတို့ရဲ့အစွမ်းအစအရည်အချင်းများကို အစွမ်းကုန် ဖော်ထုတ်ပြသပြီး မိမိတို့ကိုယ်စားပြုသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသင်း အောင်နိုင်ရေး အတွက် အနိုင်မခံအရှုံးမပေးဘဲဇွဲ၊ စိတ်ဓာတ်အပြည့်ဖြင့် သန့်ရှင်းစွာပါဝင်ယှဉ်ပြိုင်ကစားကြပြီး ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ဆောင်ကာတိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှ နိုင်ငံတော်က အားထား ရမည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာအောင်ကြိုးစားသွားကြရန် တိုက်တွန်းမှာ ကြားခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ၄ ချက် ရွတ်ဆိုခဲ့ကြ ပြီးနောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်‌ကျော် နှင့် တာဝန်ရှိပုဂ္ဂိုလ်များက အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် အ.ထ.က(၂)ရန်ကင်း မှ ဘင်ခရာနှင့်ပန်းပွားအဖွဲ့တို့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က ဂုဏ်ပြုချီးမြှင့်ငွေကျပ်၁၀ သိန်းကိုပေးအပ်ခဲ့ပြီးနောက် “၂၀၂၆ ခုနှစ်၊တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ” ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား+ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲများဖြစ်သည့် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အသင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့်မွန်ပြည်နယ်အသင်း၊ ချင်းပြည်နယ်အသင်းနှင့်နေပြည်တော် အသင်း၊ ရှမ်းပြည်နယ်အသင်း နှင့် ကရင်ပြည်နယ်အသင်းတို့ စတင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

အဆိုပါ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏတွင် ပြိုင်ပွဲဝင် အမျိုးသား အသင်း(၁၃)သင်း ၊ အမျိုးသမီးအသင်း (၁၂)သင်းနှင့် ပြိုင်ပွဲဝင် စုစုပေါင်းကစားသမားအင်အား (၁၅၆)ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး စားပွဲတင်တင်းနစ်အားကစား ဝါသနာရှင် မိဘပြည်သူများ အနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။