![]()
၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကျင်းပ
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့အားကစားလောက အဆင့်အတန်းတိုးတက်မြင့်မား စေရေးအတွက် ရည်ရွယ်၍ “ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ” ကို ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပသည်။ စုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် စုစုပေါင်းအင်အား (၄၀၀၀) နီးပါးခန့် ပျော်ပျော်ရွှင်ရွှင်စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြ သည်၊၊
၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက ခရာမှုတ်၍ ဖွင့်လှစ်ပေးရာ ပါဝင်ဆင်နွှဲကြသူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဂိတ်အမှတ်(၁)မှ စတင် တာထွက်ကြပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်း၏ သတ်မှတ်လမ်းကြောင်းများအတိုင်း ဂိတ်(A) ရှေ့အထိ ပျော်ပျော်ပါးပါးလမ်းလျှောက်ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၁)၊ (၂)နှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းများကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများက သရုပ်ပြသပေး၍ စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ကြသူများက တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြပြီး စုပေါင်းလမ်းလျှောက်သူများအား အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ရေသန့်ဘူးနှင့် အာဟာရမုန့်များပေး ဝေကြသည်။
အဆိုပါစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ၏ အပတ်စဉ်စနေနေ့တိုင်း ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာန များမှ ဝန်ထမ်းများအပြင် ဝန်ထမ်းမိသားစုဝင်များပါ ပါဝင်ဆင်နွှဲသွားမည်ဖြစ်ကြောင်း သိရ သည်၊၊




