အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဦးစီးကော်မတီ တတိယအကြိမ် အစည်းအဝေးကျင်းပ

နေပြည်တော်၊ စက်တင်ဘာ၂၇ ။

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဦးစီးကော်မတီ တတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရုံးအမှတ် (၃၁)ရှိ အစည်းအဝေးခန်းမ(မြေညီထပ်)၌ ကျင်းပခဲ့သည်။

ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဦးစီးကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားအားကစားပွဲတော်၌ အသုံးပြုရန် အတည်ပြုသတ်မှတ်ရွေးချယ်ထားသည့် Logo နှင့် အခမ်းအနား ဖွင့်ပွဲ/ပိတ်ပွဲ ကျင်းပမှုအစီအစဉ်များ၊ သရုပ်ပြဖျော်ဖြေမှုဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍာရေး ဆိုင်ရာကိစ္စရပ်များ၊ ပရိတ်သတ်လာရောက်ကြည့်ရှုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများ၊ မီးရှူးတိုင်သယ်ယူမည့်လမ်းကြောင်း စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်အဆင့် အောင်မြင်ခမ်းနားစွာဖြင့် ကျင်းပပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိ သူများက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်ခမ်းနားစွာဖြင့် ကျင်းပပြုလုပ် နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ဆွေးနွေးပြောကြားခဲ့ရာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။