အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅)နှစ်အောက် ဘောလုံး (အမျိုးသား)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ(၁)။

National Fitness ဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးဖြင့် ချစ်ခင်ရင်းနှီးမှုရရှိစေရေး၊ ဝန်ထမ်းများတက်ကြွရွှင်လန်းစွာဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့သည်။

ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ညနေ(၃:၀၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ပြည်ထဲရေး ဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို (၁)ဂိုး၊ ဂိုးမရှိဖြင့် လည်းကောင်း၊ ညနေ (၅:၃၀)နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို (၂)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိ ခဲ့သည်။

အဆိုပါ ဘောလုံး (အမျိုးသား)ပြိုင်ပွဲသို့ ဒုတိယဝန်ကြီးချုပ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်တိုးရီ၊ ဦးမောင်မောင်ဝင်း၊ ဦးမျိုးလှိုင်၊ ဦးဇင်မင်းထက်၊ ဦးဝင်းဖေ၊ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့တွင် ပြိုင်ပွဲ(၁)ရက်နားမည်ဖြစ်ပြီး တတိယလုပွဲ ပွဲစဉ်အဖြစ် ဇန်နဝါရီလ(၃)ရက်နေ့၊ နံနက်(၇)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ပြည်ထဲရေး ဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ညနေ (၃:၀၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး အားကစား ဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။