အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-25 ဘောလုံးပြိုင်ပွဲ(အမျိုးသား)ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးချီးမြှင့်

နေပြည်တော် မတ် ၂၉

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-25 ဘောလုံးပြိုင်ပွဲ (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ အားကစားအသင်းများအလိုက် အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

အကြိတ်အနယ်ယှဉ်ပြိုင်

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-25 ဘောလုံး ပြိုင်ပွဲ(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ကချင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အသင်းတို့ယှဉ်ပြိုင်ကစားကြရာ အဆိုပါအသင်းများ သည် ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်းများဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဖိအားပေး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသော်လည်း သာမန်ပွဲကစားချိန် ပြီးဆုံးသည်အထိ ဂိုးမရရှိခဲ့ဘဲ သရေရလဒ်ထွက်ပေါ်ခဲ့သောကြောင့် အချိန်ပိုဆက်လက် ယှဉ်ပြိုင်ကစားခဲ့ကြသည်။ အချိန်ပိုပွဲကစားချိန် ၄ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ဦးဆောင်ဂိုးရရှိခဲ့သည်။ ယင်းနောက် ကချင်ပြည်နယ်အသင်းက ချေပဂိုး ပြန်လည်ရရှိနိုင်ရေး အကြိတ်အနယ်ထိုးဖောက်တိုက် စစ်ဆင်ခဲ့ရာ ပွဲကစားချိန် ၂၄ မိနစ်တွင် ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့သဖြင့် တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့ကာ ပယ်နယ်တီအဆုံးအဖြတ်ရယူခဲ့ရသည်။ ပယ်နယ်တီ အဆုံးအဖြတ်တွင် ရန်ကုန်တိုင်း ဒေသကြီး အသင်းက ကချင်ပြည်နယ်အသင်း ကို ၄ ဂိုး- ၃ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ပေးအပ်ချီးမြှင့်

ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ အကောင်းဆုံးအားကစားသမား ဆုရရှိခဲ့ကြသည့် အားကစားသမားများကို ကောင်စီဝင်များဖြစ်ကြသည့် ဦးရန်ကျော်၊ ခွန်စံလွင်၊ ဒေါက်တာဘရွှေ၊ ဒေါက်တာမှုထန်နှင့် မန်းငြိမ်းမောင်တို့ကလည်းကောင်း၊ စတုတ္ထဆုရရှိသည့် ပြည်ထောင်စု နယ်မြေနေပြည်တော်အသင်းအား ကောင်စီဝင် ဒေါ်ဒွဲဘူကလည်းကောင်း၊ တတိယဆုရရှိသည့် ကရင်ပြည်နယ်အသင်းအား ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် အသင်းအား ကောင်စီဝင်ဗိုလ်ချုပ်ကြီး မြထွန်းဦးကလည်းကောင်းတစ်ဦးချင်း ဆုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်သည်။

ရင်းရင်းနှီးနှီးနှုတ်ဆက်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက် ဖလားတို့ကို ပေးအပ်ချီးမြှင့်ပြီး အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

မြန်မာ့ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာ့လက်ရွေးစင်ထူးချွန်အားကစားသမား များထွက်ပေါ်လာစေရန် ရည်ရွယ်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး U – 25 ဘောလုံးပြိုင်ပွဲကို မတ် ၁၅ ရက်မှ စတင်၍ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)