အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလေးမပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ စက်တင်ဘာ(၁၆)။

အလေးမအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ နောက်ဆုံးနေ့ပွဲစဉ်များကို ယနေ့နံနက် (၉)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ကျင်းပခဲ့သည်။

ယနေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ နောက်ဆုံးနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား (၉၆)ကီလိုပြိုင်ပွဲ၊ အမျိုးသား (၁၀၂) ကီလိုပြိုင်ပွဲ၊ အမျိုးသား (၁၀၉) ကီလိုပြိုင်ပွဲ၊ အမျိုးသမီး(၇၆)ကီလိုပြိုင်ပွဲ၊ အမျိုးသမီး(၈၁)ကီလိုပြိုင်ပွဲနှင့် အမျိုးသမီး(၈၇)ကီလိုနှင့်အထက် ပြိုင်ပွဲများကို အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကိုဆက်လက်ကျင်းပခဲ့ရာ အမျိုးသမီး(၇၆) ကီလိုပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးကလည်းကောင်း၊ အမျိုးသမီး(၈၁) ကီလိုပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများနှင့် အမျိုးသမီး(၅၉)ကီလိုပြိုင်ပွဲတွင် ပြည်နယ်နှင့်တိုင်း ဒေသကြီး နှစ်ဆင့်မ သတ်မှတ်စံချိန်သစ်တင်နိုင်ခဲ့သည့် အားကစားသမားတို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးကလည်းကောင်း၊ အမျိုးသား (၉၆) ကီလိုပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများနှင့် အမျိုးသား(၅၅)ကီလို ပြိုင်ပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အမြန်မသတ်မှတ်စံချိန်သစ်တင်နိုင်ခဲ့သည့် အားကစားသမားတို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းကလည်း ကောင်း၊ အမျိုးသား(၁၀၂)ကီလိုပြိုင်ပွဲနှင့် အမျိုးသား(၁၀၉)ကီလိုပြိုင်ပွဲတို့တွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများနှင့် အမျိုးသား(၇၃) ကီလိုပြိုင်ပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး နှစ်ဆင့်မ စံချိန်သစ် တင်နိုင်ခဲ့သည့် အားကစားသမားတို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးကလည်းကောင်း၊ အမျိုးသမီး(၄၉)ကီလိုပြိုင်ပွဲနှင့်အမျိုးသား (၆၇) ကီလိုပြိုင်ပွဲတို့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး စံချိန်သစ်တင်နိုင်ခဲ့သည့် အားကစားသမားများ၊ အမျိုးသမီးအကောင်းဆုံး အားကစားသမားဆုရရှိသည့် အားကစားသမားနှင့် အမျိုးသား အကောင်းဆုံး အားကစားသမား ဆုရရှိသည့် အားကစားသမားတို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်ကလည်းကောင်း၊ အမျိုးသမီး (၆၄)ကီလိုပြိုင်ပွဲနှင့် အမျိုးသား (၈၉)ကီလိုပြိုင်ပွဲတို့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး စံချိန်သစ်တင်နိုင်ခဲ့သည့် အားကစားသမားများ၊ အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသည့် မကွေးတိုင်းဒေသကြီးအသင်း၊ အမျိုးသားတံခွန်စိုက် ဆုဖလားရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းတို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း ဆုတံဆိပ်များ၊ ဆုကြေးငွေများနှင့် တံခွန်စိုက်ဆုဖလားများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ‌အလေးမပြိုင်ပွဲကို စက်တင်ဘာလ (၁၂) ရက်နေ့မှ (၁၆)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဂိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ကျင်းပပြုလုပ်ခဲ့ပီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း (၁၃)သင်းနှင့် အမျိုးသမီးအသင်း (၁၁)သင်း၊ ပြိုင်ပွဲဝင်အင်အားစုစုပေါင်း (၁၇၂)ဦး ပါဝင်ယှဉ်ပြိုင်ပွဲခဲ့ကြကြောင်းသိရသည်။