အားကစားရေးရာဝန်ကြီးဌာန

Loading

၂ဝ၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ်ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကျင်းပ

ရန်ကုန်၊ ဇွန် ၂၇

ဇွန်လ ၂၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ကို ဂုဏ်ပြုသော အားဖြင့်အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ၂၀၂၆ခုနှစ်၊ အိုလံပစ်နေ့ အထိမ်းအမှတ် ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိမြန်မာကွန်ဗင်းရှင်းစင်တာ (MCC)ခန်းမ ၌ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှတာဝန်ရှိသူများ ၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ်သည့် အသက်(၂၁)နှစ်အောက် သက်ငယ်တန်းပြိုင်ပွဲ၊ ကာယဗလမောင် အသက် (၄၅)နှစ်နှင့်အထက် သက်ကြီးတန်းပြိုင်ပွဲ၊ အမျိုးသားကာယဗလ (၆၀ ၊ ၇၀ ၊ ၈၀ )နှင့် အထက်ကီလိုတန်းပြိုင်ပွဲများ၊ Men’s Athletic Physique (open)၊ Men’s Sports Physique (open)၊ Women’s Athletic Physique (open)၊ Women’s Model Physique (open) ပြိုင်ပွဲများတွင် ကာယဗလအားကစားသမားများက ကိုယ်ခန္ဓာကျစ်လစ်ခိုင်မာမှုအား သတ်မှတ် ကိုယ်ဟန်ခုနှစ်မျိုးကို နောက်ခံတေးဂီတနှင့်အတူ အသီးသီးပြသ၍ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။