အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂ဝ၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဩဂုတ် ၁၂။

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရထူးချွန်လူငယ်များ၊ မသန်စွမ်းလူငယ်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လူငယ်ကိုယ်စားလှယ်များ၊ ရေကြောင်းနှင့် လေကြောင်းလူငယ်များ၊ ကြက်ခြေနီနှင့် ကင်းထောက်လူငယ်များ၊ နေပြည်တော်ရှိ တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်ဖွံ့ဖြိုးရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်နှစ်တိုင်း ဩဂုတ်လ(၁၂)ရက်တွင် ကျင်းပပြုလုပ်လျက်ရှိသကဲ့သို့ မိမိတို့မြန်မာနိုင်ငံတွင်လည်း ရပ်ရွာအကျိုးပြုလုပ်ငန်းများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ လူငယ်များပိုမိုပူးပေါင်းပါဝင်လာစေရန်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို လူငယ်လူရွယ်များပိုမိုသိရှိပြီး ပါဝင်ဆင်နွှဲလာကြစေရန်နှင့် လူငယ်များ၏ လိုလားချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း။

ကုလသမဂ္ဂအဖွဲ့က ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် ချမှတ်ပေးထားသည့် ဆောင်ပုဒ်မှာ “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်များရဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး” (Youth Digital Pathways For Sustainable Development) ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းနှင့်အတူ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ ပြည့်မီစေရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်ရာတွင် လူငယ်များသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လာစေရန် လိုအပ်ကြောင်း တိုက်တွန်းအသိပေးလိုသည့် ရည်ရွယ်ချက်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများ ပိုမိုအားကောင်းစေရန်၊ အရည်အသွေးပြည့်မီပြီး သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်နိုင်ရန်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းများ အားပေးမြှင့်တင်နိုင်ရန်အတွက် Polytechnic University (၈) ခုကို ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည့်အတွက် အရည်အသွေးပြည့်မီသည့် နည်းပညာရှင်လူငယ်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ နည်းပညာကျွမ်းကျင်သည့် လူငယ်များ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း။

ယခုနှစ် ဩဂုတ်လ(၁၂)ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားကို ယခင်နှစ်များနှင့်မတူဘဲ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များကို ဖိတ်ကြားပြီး လူငယ်ဖိုရမ်၊ လူငယ်လေ့လာရေးအစီအစဉ်နှင့် လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်များကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း။

၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံစုစုပေါင်းလူဦးရေ၏ ၃၃ ရာခိုင်နှုန်းကျော်သည် လူငယ်များဖြစ်ကြောင်း သိရှိရသည့်အတွက် မြန်မာနိုင်ငံသည် လူငယ်ထုအင်အား၊ တစ်နည်းအားဖြင့် လုပ်သားအင်အားများပြားသည့် အခြေအနေကောင်းကို ရရှိပိုင်ဆိုင်ထားကြောင်း၊ ယနေ့လူငယ်များသည် အနာဂတ်လူ့ဘောင်ကို ပိုင်စိုးကြမည့်သူများဖြစ်ပြီး အနာဂတ်လူ့ဘောင်ကို ဖန်တီးတည်ဆောက်ကြမည့် နိုင်ငံ့အရင်းအမြစ်များဖြစ်ကြကြောင်း၊ တစ်နည်းအားဖြင့် တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်များပင်ဖြစ်ကြောင်း။

လူငယ်များကို စနစ်တကျမှန်မှန်ကန်ကန် လေ့ကျင့်ပျိုးထောင်ပေးနိုင်မှသာ အနာဂတ်နိုင်ငံတော်ကိုမြင့်မားတိုးတက်အောင် တည်ဆောက်သွားနိုင်မည်ဖြစ်ကြောင်း၊ စိတ်ဓာတ်မြင့်မားသူ၊ အတွေးအခေါ်မှန်ကန်သူ၊ ရိုးသားဖြောင့်မတ်သူ၊ စွမ်းရည်ပြည့်စုံကြသည့် လူငယ်များဖြင့်သာ နိုင်ငံကိုကောင်းအောင် တည်ဆောက်သွားနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်များကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့် ပြည့်စုံအောင် လေ့ကျင့်ပျိုးထောင်သွားကြရန် မှာကြားလိုကြောင်း။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်(၃)ရပ်အနက် တတိယအချက်ဖြစ်သည့် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ဟု ချမှတ်ထားရှိကြောင်း၊ ထို့ကြောင့် လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း။

လူငယ်များဘက်စုံထူးချွန်ပြီး အတတ်ပညာရှင်၊ အသိပညာရှင်များ ထွက်ပေါ်လာစေရေး၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မှန်ကန်သည့်လမ်းကြောင်းပေါ်ကို ရောက်ရှိစေပြီး နိုင်ငံတော်ကိုအကျိုးပြုမည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် လူငယ်ရေးရာမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်လူငယ်ရေးရာကော်မတီတို့ကို ဖွဲ့စည်းထားရှိပေးပြီးလည်းဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယခင်ကထက် ပိုမိုထိရောက်ကျယ်ပြန့်စွာ မြှင့်တင်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

စည်းလုံးညီညွတ်ပြီး သဟဇာတဖြစ်သည့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကို ထူးချွန်ထက်မြက်သည့် ကျန်းမာကြံ့ခိုင်သည့်၊ တွေးခေါ်နိုင်စွမ်းရှိပြီး အကျင့်စာရိတ္တကောင်းမွန်သည့်၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်သည့် လူကောင်းလူတော်များဖြင့်သာ ဖန်တီးဖော်ဆောင်ပေးနိုင်မည်ဖြစ်သောကြောင့် နိုင်ငံ၏အနာဂတ်အတွက် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ကော်မတီများနှင့် တာဝန်ရှိသူအားလုံးက ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု အားကောင်းစွာဖြင့် ကြိုးပမ်းအားထုတ်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အပြည်ပြည်ဆိုင်ရာပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရ ထူးချွန်လူငယ်များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်လက်ဆောင်အား ဂါရဝပြုပေးအပ်သည်။

ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။

ယင်းနောက် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်း Video Clip အား ကြည့်ရှုကြသည်။

ထို့နောက် လူငယ်ဂုဏ်ပြုတေးသီချင်းနှင့် တိုင်းရင်းသားယဉ်ကျေးမှုအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အပြည်ပြည်ဆိုင်ရာပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရထူးချွန်လူငယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံပြခန်းများအား စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။