အားကစားရေးရာဝန်ကြီးဌာန

Loading

(၂ဝ)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု(၁)ခု၊ ငွေတံဆိပ်ဆု(၁)ခုနှင့် ကြေးတံဆိပ်ဆု (၁)ခုတို့ကို ဆွတ်ခူးရရှိခဲ့ကြသည့် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောအသင်းအား သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆို

ရန်ကုန် ၊ စက်တင်ဘာ ၂၁

၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဂျပန်နိုင်ငံ၊ အိုင်ချီ-နာဂိုယာမြို့ရှိ (Nagoya City Higashi Sports Center)၌ ကျင်းပပြုလုပ်ခဲ့သည့် (၂၀)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောအသင်းသည် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တက်ဂ်ဘောအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေက ရွှေတံဆိပ်ဆု(၁)ခု၊ တက်ဂ်ဘောအမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ဆုမွန်အောင်နှင့် ဖြူဖြူသန်းတို့အတွဲက ငွေတံဆိပ်ဆု(၁)ခု၊ တက်ဂ်ဘော အမျိုးသား တစ်ဦးချင်းပြိုင်ပွဲတွင် စောဖရိုင်းဒေးက ကြေးတံဆိပ်ဆု(၁)ခုတို့ကို မြန်မာနိုင်ငံအတွက် ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင် တက်ဂ်ဘောအသင်းသည် အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲတွင် မြန်မာအသင်းမှ စောဖရိုင်းဒေး အပါအဝင် အင်ဒိုနီးရှားအသင်း၊ အီရတ်အသင်း၊ မွန်ဂိုလီးယားအသင်း၊ ကာဂျစ္စတန်အသင်းနှင့် ကူဝိတ်အသင်း စသည့် ပြိုင်ဘက်အသင်းမှ အားကစား သမားများနှင့် ပွဲစဉ်တစ်လျှောက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီး တတိယလုပွဲ ပွဲစဉ်တွင် မြန်မာအသင်းမှ စောဖရိုင်းဒေးသည် ဖိလစ်ပိုင်အသင်းမှ အားကစားသမားနှင့် ယှဉ်ပြိုင်ခဲ့ရာ (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံမှ တက်ဂ်ဘောအားကစားနည်း၏ အာရှအားကစားပြိုင်ပွဲ ပထမဦးဆုံး ပါဝင် ယှဉ်ပြိုင်မှုတွင် မြန်မာနိုင်ငံအတွက် တတိယ(ကြေးတံဆိပ်)ဆုကို ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။အလားတူ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာအသင်းမှ ခင်နှင်းဝေ အပါအဝင် အင်ဒိုနီးရှားအသင်း၊ လက်ဘနွန်အသင်းနှင့် ကာဂျစ္စတန်အသင်း စသည့် နိုင်ငံများမှ ပြိုင်ဘက်အားကစား သမားများကို အုပ်စုပတ်လည်ပွဲစဉ်တွင် တစ်ပွဲပြီးတစ်ပွဲ အပြတ်အသတ် ယှဉ်ပြိုင်အနိုင်ယူ၍ (၃) ပွဲစလုံး အနိုင်ရရှိခဲ့သည့်အတွက် အုပ်စုပထမနေရာဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး အကြိုဗိုလ်လုပွဲ အထိ ရှုံးပွဲမရှိ တက်ရောက်ယှဉ်ပြိုင်လာခဲ့ပြီးနောက် အကြိုဗိုလ်လုပွဲ ပွဲစဉ်တွင် လက်ဘနွန်အသင်းမှ အားကစားသမားနှင့် ရင်ဆိုင်၍ ယှဉ်ပြိုင်ကစားခဲ့ရာတွင်လည်း (၂)ပွဲပြတ်ဖြင့် အပြတ်အသတ် ထပ်မံအနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ မြန်မာအသင်းမှ ခင်နှင်းဝေသည် ဗိုလ်လုပွဲပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်းမှ အားကစားသမားအား မြန်မာလူမျိုးတို့၏ အနိုင်မခံ၊ အရှုံးမပေး သော ဇွဲ၊ စိတ်ဓာတ်၊ လုံ့လ၊ ဝီရိယများ စိုက်ထုတ်၍ အမှားနည်းပြီး တည်ငြိမ်မှုရှိစွာ တန်ပြန် ကန်ချက်များဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ပြိုင်ပွဲအပြီးတွင် ရလဒ်(၂)ပွဲ၊ (၁)ပွဲဖြင့် မြန်မာနိုင်ငံ အတွက် ပထမဦးဆုံး(ရွှေတံဆိပ်)ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

ဆက်လက်ပြီး အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းမှ ဆုမွန်အောင်နှင့် ဖြူဖြူသန်း တို့အတွဲအပါအဝင် ထိုင်းအသင်း၊ ကမ္ဘာဒီးယားအသင်းနှင့် လက်ဘနွန်အသင်း စသည့် ပြိုင်ဘက်အသင်းများမှ အားကစားသမားများကို မြန်မာ့လက်ရွေးစင်အမျိုးသမီးနှစ်ယောက်တွဲအသင်းသည် အုပ်စုပွဲစဉ် တစ်လျှောက် ပြိုင်ပွဲအဆင့်ဆင့်တွင် အကောင်းဆုံးစွမ်းဆောင်ရည်ဖြင့် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရလဒ်များဖြင့် အကြိုဗိုလ်လုပွဲ အဆင့်သို့ တက်ရောက်၍ ပြိုင်ဘက်အသင်းများကို အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲအဆင့်အထိတက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာအသင်းမှ ဆုမွန်အောင်နှင့် ဖြူဖြူသန်းတို့အတွဲသည် တက်ဂ်ဘော အားကစားနည်း၌ အင်အားကြီးအသင်းတစ်သင်းဖြစ်သည့် ထိုင်းအသင်းမှ အားကစားသမားများနှင့် ရွှေတံဆိပ်ဆုရရှိရေးအတွက် အကြိတ်အနယ် အပြိုင်အဆိုင် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်း၏ ထိချက်နှင့် ကန်ချက်များ သေချာမှုမရှိခြင်း၊ ပြိုင်ဘက်အသင်း၏ တန်ပြန်တိုက်ချက်များအပေါ် ခုခံဆယ်မ နိုင်မှု အားနည်းခြင်းများကြောင့် မြန်မာအသင်းအနေဖြင့် ဒုတိယငွေတံဆိပ်နှင့်သာ ကျေနပ်နှစ်သိမ့် ခဲ့ရသော်လည်း ယခုရရှိခဲ့သည့် ငွေတံဆိပ်သည် မြန်မာ့တက်ဂ်ဘောအားကစားသမားများ ပထမဦးဆုံး ဝင်ရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး အာရှအားကစားပြိုင်ပွဲ၏ စင်မြင့်ပေါ်တွင် ထပ်မံမှတ်တိုင် သစ်တစ်ရပ် စိုက်ထူနိုင်ခဲ့ခြင်းဖြစ်၍ အာရှအဆင့် ယှဉ်ပြိုင်နိုင်စွမ်းကို ပြသနိုင်ခဲ့သည့် အောင်မြင်မှု တစ်ရပ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။

(၂၀)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောအသင်းမှ နည်းပြ (၂)ဦးနှင့် အားကစားသမား (၄)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ် (၁)ခု၊ ငွေတံဆိပ်(၁)ခုနှင့် ကြေးတံဆိပ် (၁)ခုတို့ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့ကာ အာရှ အားကစားပြိုင်ပွဲဝင်နိုင်ငံများ၏ အလယ်တွင် မြန်မာနိုင်ငံတော်အလံကို လွှင့်ထူ၍ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆုရစင်မြင့်ထက်၌ မှတ်တိုင်သစ် တစ်ရပ်စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင် တက်ဂ်ဘော အားကစားသမားများ၏ အာရှအဆင့် ယှဉ်ပြိုင်နိုင်သောစွမ်းရည်ကိုပြသနိုင်ခဲ့သည့် အောင်မြင်မှုတစ်ရပ် လည်း ဖြစ်ပါသည်။

အဆိုပါပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့ကြသည့် မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင် တက်ဂ်ဘောအသင်းမှဒုတိယဥက္ကဋ္ဌများ ၊ အတွင်းရေးမှူး ၊ နည်းပြများနှင့်အားကစားသမားများသည် ယနေ့ညနေပိုင်းတွင် ထိုင်းနိုင်ငံ လေဆိပ်မှ TG 303 လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး နှင့်တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများ၊ မြန်မာနိုင်ငံတက်ဂ်ဘောအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ထက်ခိုင်ဝင်းနှင့် အလုပ်အမှုဆောင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုး၊ မိတ်သင်္ဂဟများက ဂုဏ်ပြုပန်းစည်းများဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့သည်။

ထို့နောက် (၂၀)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုဆုတံဆိပ်များရရှိခဲ့သည့် မြန်မာလက်ရွေးစင်တက်ဂ်ဘောအသင်းအား နိုင်ငံတော်မှပေးအပ်သည့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် သိန်း ၆၀၀၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ပေးအပ်သည့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် သိန်း ၆၀၀ နှင့် မြန်မာနိုင်ငံတက်ဂ်ဘောအဖွဲ့ချုပ်မှ ပေးအပ်သည့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် သိန်း ၆၀၀၊ စုစုပေါင်းဂုဏ်ပြုချီးမြှင့်ငွေ ကျပ် သိန်း ၁၈၀၀ တို့ကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် မြန်မာနိုင်ငံ တက်ဂ်ဘောအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာထက်ခိုင်ဝင်းတို့က အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။