အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ပိုက်ကျော်ခြင်းအားကစားနည်းမှ ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိ

ဟန်ကျိုး၊ အောက်တိုဘာ(၄)ရက်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ နံနက် ဒေသစံတော်ချိန် (၉)နာရီတွင် ကျင်းဟွာမြို့ Jinhau Sports Center ၌ ကျင်းပသည့် ပိုက်ကျော်ခြင်းအားကစားနည်းပြိုင်ပွဲ အမျိုးသား(၄)ယောက်တွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက ပထမပွဲတွင် ရမှတ် (၂၁)မှတ်၊ (၁၃)မှတ်၊ ဒုတိယပွဲတွင် ရမှတ် (၂၄)မှတ်၊ (၂၂)မှတ်ဖြင့် (၂)ပွဲပြတ်အနိုင်ရရှိကာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမဆုရရှိသည့် မြန်မာအသင်း၊ ဒုတိယဆုရရှိသည့် အင်ဒိုနီးရှားအသင်း၊ ပူးတွဲတတိယဆုရရှိသည့် ဂျပန်အသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဦးဆုံးရွှေတံဆိပ်ဆု ဆွတ်ခူးရယူပေးနိုင်ခဲ့သော မြန်မာပိုက်ကျော်ခြင်းအသင်းကို နိုင်ငံတော်မှ ချီးမြှင့်ငွေ အမေရိကန်ဒေါ်လာ (၁၀၀၀) ပေးအပ်ချီးမြှင့်ခဲ့သည်။

နဂါးလှေလှော်(Dragon Boat)အားကစားနည်းမှ အမျိုးသား မီတာ(၂၀၀)ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၁၂)သင်းဝင်ရောက်ယှဉ်ပြိုင်ရာ တရုတ် အသင်းက ပထမ၊ ထိုင်းအသင်းက ဒုတိယ၊ အင်ဒိုနီးရှားအသင်း က တတိယနှင့် မြန်မာအသင်းက စတုတ္ထ၊ အမျိုးသမီး မီတာ(၂၀၀)ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၉)သင်း ဝင်ရောက်ယှဉ်ပြိုင်ရာ တရုတ်အသင်းက ပထမ၊ အင်ဒိုနီးရှားအသင်းက ဒုတိယ၊ ထိုင်းအသင်း က တတိယနှင့် မြန်မာအသင်းက စတုတ္ထဖြင့် အသီးသီး ရရှိခဲ့သည်။

(၅.၁၀.၂၀၂၃)ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များတွင် မြန်မာနိုင်ငံမှ ပိုက်ကျော်ခြင်းအားကစားနည်း အမျိုးသား (၃)ယောက်တွဲ အုပ်စုပွဲစဉ်များအဖြစ် ဒေသစံတော်ချိန် နံနက်(၉)နာရီအချိန်တွင် ဖိလစ်ပိုင် အသင်းနှင့်လည်းကောင်း၊ နေ့လယ်(၂)နာရီအချိန်တွင် ထိုင်းအသင်းနှင့်လည်းကောင်း၊ အမျိုးသမီး (၃)ယောက်တွဲ အုပ်စုပွဲစဉ်အဖြစ် နံနက်(၁၀)နာရီအချိန်တွင် တောင်ကိုရီးယားအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး နံနက် (၉)နာရီအချိန်တွင် နဂါးလှေလှော်(Dragon Boat)အားကစားနည်း အမျိုးသား မီတာ(၅၀၀) ပြိုင်ပွဲနှင့် အမျိုးသမီး မီတာ(၅၀၀)ပြိုင်ပွဲများတွင်လည်း ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။