အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အောင်ပွဲရ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအားသောင်းသောင်းဖြဖြကြိုဆို

ရန်ကုန် ၊ ဖေဖော်ဝါရီလ ၂၈ရက်

နီပေါနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့‌သော လေးနိုင်ငံ အမျိုးသမီးဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ (INTERNATIONAL WOMEN’S CHAMPIONSHIP 2025)တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းက အိမ်ရှင် နီပေါအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုဖလားရရှိကာ ယ‌နေ့နံနက်ပိုင်းကရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ရောက်ရှိခဲ့သည်။

အဆိုပါ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊တိုင်းဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးဇင်မင်းထက်၊ တိုင်းဒေသကြီး၀န်ကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော်နှင့်ဇနီးဒေါ်ဌေးဌေးခိုင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်မင်းသန့်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ အမျိုးသမီးဘောလုံးကော်မတီဥက္ကဌ‌ ဒေါ်ခင်စံပယ်ကြည်၊ MFF ဒုတိယဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်ခင်‌စောဦးနှင့် အဖွဲ့ဝင်များ၊ အမှုဆောင်များ၊ အားကစားဝါသနာရှင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူများ‌ကသောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့က မြန်မာ့လက်ရွေးစင်အမျိုးသမီး‌ဘောလုံးအသင်းအားဂုဏ်ပြုဆုငွေကျပ် သိန်း၆၅၀ ချီးမြှင့်ခဲ့ကြသည်။

မြန်မာနှင့် နီပေါလက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းတို့သည် ဗိုလ်လုပွဲအဖြစ် ဖေဖော်ဝါရီ ၂၆ ရက်ည ၆ နာရီ ၄၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပိုင်းပြီးဆုံးချိန်အထိ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပြီး ဒုတိယပိုင်းပွဲကစားချိန်အတွင်း ဝင်းသိင်္ဂီထွန်းနှင့် ရူပါခိုင်တို့၏ သွင်းဂိုးများဖြင့် ပွဲပြီးဆုံးချိန်၌ ၂ ဂိုး ဂိုးမရှိရလဒ် ဖြင့်နိုင်ပွဲရရှိကာ ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ပြိုင်ပွဲတလျှောက် ၄ သင်းပတ်လည်ယှဉ်ပြိုင်ကစားရာ၌ ရှုံးပွဲမရှိစံချိန်ရရှိခဲ့ပြီး လက်ဘနွန်အသင်းအား ၃ ဂိုး ၁ ဂိုး၊ ကာဂျစ္စတန်အသင်းအား ၅ ဂိုး ဂိုးမရှိရလဒ်တို့ဖြင့် အနိုင်ယူခဲ့ကာ ဖေဖော်ဝါရီ ၂၃ ရက်က အိမ်ရှင်နီပေါအသင်းနှင့်ပွဲစဉ်တွင်လည်း ၂ ဂိုး ၂ ဂိုးရလဒ်ဖြင့် သရေကျခဲ့ကာ ထိုသို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ထိပ်ဆုံးနှစ်သင်း ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရမည့်စည်းမျဉ်းကြောင့် ဖေဖော်ဝါရီ ၂၆ ရက်တွင် အိမ်ရှင်နီပေါအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် ချန်ပီယံဆု ရရှိခဲ့ကြောင်းသိရသည်။