အားကစားရေးရာဝန်ကြီးဌာန

Loading

အားကစားသမားများ အားကစားနည်းအလိုက် လေ့ကျင့်မှုများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစားဆိုင်ရာ ကော်မတီမှ တာဝန်ရှိသူများနှင့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း များက လိုက်လံကြည့်ရှုအားပေး

နေပြည်တော်၊ ဇူလိုင် ၂၂

နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း(Gold Camp)တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် လက်ရွေးစင်အားကစားသမားများနှင့် လူငယ်အားကစားသမားများသည် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံများ၌ အားကစားနည်းအလိုက်‌ လေ့ကျင့်နေမှုများကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ဒုတိယဝန်ကြီး၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစား ဆိုင်ရာကော်မတီမှ တာဝန်ရှိသူများနှင့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း များက လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေကျင့်ရေးခန်းမ-(၂) Training Center Hall-2 တွင်(Gold Camp)မှ လက်ရွေးစင်အားကစားသမားများနှင့် (Youth Camp)မှ လူငယ်အားကစားသမားများ၏ ပိုက်ကျော်ခြင်းလေ့ကျင့်ရေးရုံ၌ လေ့ကျင့်လျက်ရှိသည့် ပိုက်ကျော်ခြင်း အမျိုးသား/အမျိုးသမီးအားကစားသမားများနှင့် ကွင်းသွင်းခြင်းခတ်အားကစားသမားများ၏ လေ့ကျင့် နေမှုများကိုလည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)တွင် လေ့ကျင့်လျက်ရှိသည့် ပြေးခုန်ပစ် အားကစားသမားများနှင့် ဂျူဒိုလေ့ကျင့်ရေးခန်းမတွင် ဂျူဒိုအားကစားသမားများ၏ လေ့ကျင့်နေမှုများ ကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားနည်းများအလိုက် အုပ်ချုပ်သူ/နည်းပြ များနှင့် အားကစားသမားများအား‌ ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားကစားသမားများ စိတ်ဓာတ်ခွန်အားများ ရရှိစေရန် နေထိုင်စားသောက်မှုများ၊ လေ့ကျင့်မှုများ၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုများနှင့် ကျန်းမာ ကြံ့ခိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေ၍ အားပေးစကား များကို ပြောကြားခဲ့ပြီး နိုင်ငံတော်အတွက် ရွှေတံဆိပ်ဆုများရရှိအောင် ကံ၊ ဉာဏ်၊ ဝီရိယ၊ ဇွဲ၊ လုံ့လများဖြင့် ကြိုးစားအားထုတ်လေ့ကျင့်သွားရန်လိုကြောင်း၊ နိုင်ငံတကာအလယ်တွင် နိုင်ငံတော်၏ အလံကို လွှင့်ထူ၍ နိုင်ငံတော်သီချင်းကို ဂုဏ်ယူဝင့်ကြွားစွာ သံပြိုင်သီဆိုနိုင်အောင် စွမ်းဆောင်နိုင်သူများသည် အားကစားသမားများသာဖြစ်ကြောင်း၊ နည်းပြများအနေဖြင့် အားကစားတွင် အခြေခံ နည်းစနစ်များကို ကျွမ်းကျင်ပိုင်နိုင်မှသာ အားကစားသမားကောင်းတစ်ဦး ဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ အားကစားသမားများကို ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေရန်နှင့် အားကစားနည်းအလိုက် အခြေခံ နည်းစနစ်များ၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသည့် နည်းဥပဒေ၊ စည်းမျဉ်း/စည်းကမ်းများ၊ သင်ကြားရေးနည်းလမ်းများနှင့် လေ့ကျင့်ရေးအစီအစဉ်များကို အမြဲတမ်းလေ့လာဆည်းပူး မှတ်သားပြီး အားကစားသမားများကို စာတွေ့/လက်တွေ့ သင်ကြားပေးသွားရန်လိုကြောင်း၊ အားကစားသမားများ ကလည်း နည်းပြများ၏ သင်ကြားလေ့ကျင့်ပေးမှုများကို လိုက်နာမှတ်သားပြီး မိမိအားကစားနည်းတွင် ကျွမ်းကျင်ပိုင်နိုင်သည့် အားကစားသမားကောင်းများဖြစ်အောင်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ဆက်လက် ကြိုးစားအားထုတ်လေ့ကျင့်သွားရန်လိုကြောင်း တိုက်တွန်းအားပေးစကားများကို အသီးသီး ပြောကြား ခဲ့သည်။

ထို့နောက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ စားရိပ်သာတွင် အားကစားသမားများ အတွက် တစ်နေ့တာလိုအပ်သည့် အာဟာရကယ်လိုရီပမာဏအတိုင်း အားကစားဆေးဘက်ဆိုင်ရာ ဆရာဝန်၏ စနစ်တကျ တွက်ချက်၍ ချက်ပြုတ်ကျွေးမွေးလျက်ရှိသည့် အစားအစာများကို လည်းကောင်း၊ အားကစားသမားများ၏ ညနေစာ သုံးဆောင်နေမှုများကိုလည်းကောင်း လိုက်လံကြည့်ရှု ခဲ့ကြောင်း သိရသည်။