အားကစားရေးရာဝန်ကြီးဌာန

Loading

အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပန်ကြပ်ဆီလတ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပန်ကြပ်ဆီလတ်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဧပြီ ၂၈

အားကစားရေးရာဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်မြန်မာနိုင်ငံ ပန်ကြပ်ဆီလတ် အဖွဲ့ချုပ်တို့ပူးပေါင်းဖွင့်လှစ်သည့် ပန်ကြပ်ဆီလတ်နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်း ဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ပြည်ထောင်စုခန်းမ၌ ကျင်းပခဲ့ရာ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲမြင့်ထွန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့်တာဝန်ရှိသူ များ မြန်မာနိုင်ငံပန်ကြပ်ဆီလတ်အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အမှုဆောင်များ၊ သင်တန်းနည်းပြ ဆရာ/ဆရာမ များနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့သည်။

ဦးစွာ တက်‌ရောက်လာသည့် သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြု ခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပန်ကြပ်ဆီလတ် နည်းပြ သင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ပန်ကြပ်ဆီလတ်ပြိုင်ပွဲတွင် အသုံးပြုမည့် နည်းစနစ်များ၊ အမှတ်ပေးစည်းမျဉ်းနှင့် စည်းကမ်းများကို တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင် ရှိသည့် နည်းပြများနှင့်အားကစားသမားများ ပိုမိုသိရှိနားလည်၍ ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိပြီး အရည်အသွေးပြည့်ဝသည့် နည်းပြကောင်းများ ပေါ်ထွက်လာစေမည်ဖြစ်ပါကြောင်း၊ ပြောင်းလဲထား သည့် စနစ်သစ်ပြိုင်ပွဲဝင် ဥပဒေ/နည်းစနစ်များကို အပြည်ပြည်ဆိုင်ရာ ဒိုင်သင်တန်းသို့ တက်ရောက် အောင်မြင်ထားသည့် ဒိုင်လူကြီးများ/နည်းပြများက ပြန်လည်ပို့ချပေးသွားမည်ဖြစ်၍ ပြောင်းလဲထားသည့် နည်းစနစ်များကို သိရှိနားလည်တတ်မြောက်သွားမည်ဖြစ်ကြောင်း၊ နည်းပြများအနေဖြင့် သင်တန်းတွင် သင်ကြားပို့ချပေးမည့် ဥပဒေနှင့်နည်းစနစ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အကျိုးရှိစွာ ပြန်လည်အသုံးချပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် မျိုးဆက်သစ်အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုသင်တန်းသည် နည်းပြများအတွက် အကျိုးရှိ၍ တန်ဖိုးရှိသည့် သင်တန်းတစ်ခုဖြစ်အောင် ကြိုးစားသင်ယူသွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စမ်းချောင်းမြို့နယ်ရှိ ပဒုမ္မာအားကစားကွင်းသို့ သွားရောက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် U-18 အမျိုးသားဘောလုံးရှုံး/ထွက်ပြိုင်ပွဲ ကျင်းပပြုလုပ် နိုင်ရေး ဘောလုံးကွင်းကောင်းမွန်စေရန်ပြင်ဆင်ထားရှိမှုများ၊ ဘောလုံးကွင်းအတွင်း အလံတိုင်၊ ဂိုးတိုင်၊ ဂိုးပိုက်များနှင့် ကွင်းပတ်လည်နံရံပြင်ဆင်ထားရှိမှုများ၊ မြောင်းအဖုံးများ၊ ကွင်းစည်းများ၊ ပွဲကြည့်စင်နှင့် Scoreboard တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ပြီးနောက် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှာကြားချက်အတိုင်း ရက် ၁၀၀ အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းဆောင်ရွက် ရာတွင် အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာ့အားကစားပြန်လည်ဦးမော့လာစေရန် အားကစားစိတ်ဓာတ်ကိုမြှင့်တင်ပေးပြီး အားလုံးဝိုင်းဝန်း ပူး‌ပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်ခရိုင်ရှိ သီဟဒီပအားကစားကွင်းသို့ ရောက်ရှိပြီး ဘောလုံးကွင်း၊ ပွဲကြည့်စင်၊ ရေလှောင်ကန် ၊ ရေကူးကန်၊ ပြိုင်ပွဲရုံ(က) သီဟဒီပအားကစား ခန်းမနှင့် ဖူဆယ်အားကစားကွင်းတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး မြက်ခင်းပြင်စိမ်းလန်းစိုပြေ စေရန်၊ ရေဖြန်းစနစ်ကောင်းမွန်စေရန်၊ အားကစားကွင်းပတ်ဝန်းကျင်အမြဲတမ်းစိမ်းလန်းစိုပြေပြီး သန့်ရှင်းသာယာလှပစေရန်၊ အားကစားကွင်း/အားကစားရုံအတွင်း ပြိုင်ပွဲများစဉ်ဆက်မပြတ် ကျင်းပ ပြုလုပ်၍ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာ အားကစားကွင်းသို့ရောက်ရှိ၍ ပဒေသာအားကစားခန်းမနှင့် ဘောလုံးကွင်းတို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး ဘောလုံးကွင်း မြေသားမျက်နှာပြင်ညီညာစေရန်နှင့် မြက်ခင်းပြင်စိမ်းလန်းစိုပြေစေရန်၊ ဂိုးတိုင်/ဂိုးပိုက်များ ကောင်းမွန်စွာတပ်ဆင်ထားရှိစေရန်၊ ခြံစည်းရိုးများ၊ ရေနှုတ်မြောင်းဖုံးများကို ထုံးဖြူ နှင့် ဆေးများ သုတ်လိမ်းသွားရန်၊ အားကစားကွင်း/အားကစားရုံ အမြဲသန့်ရှင်းသပ်ရပ်သာယာလှပ စေရေးတို့ကို ဂရုစိုက်ဆောင်ရွက်သွားကြရန် လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီး က နိုင်ငံတော်သမ္မတကြီး၏ ရက် ၁၀၀ အတွင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ထိထိ ရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်၊ Smart School နှင့် Football For School Program အရ ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်နေသကဲ့သို့ အခြား အားကစားနည်းများကိုလည်း အားထည့်၍ ဆောင်ရွက်သွားစေလိုကြောင်း၊ ပြည်သူလူထုအမြင်၌ အားကစားယဉ်ကျေးမှုတစ်ရပ် ဖြစ်ပေါ်လာစေရန်နှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် တက်ညီ လက်ညီဖြင့် အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက ရန်ကုန်တိုင်းဒေသကြီး၏ လုပ်ငန်းဆောင်ရွက်ချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များနှင့် အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။