![]()
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်တို့၌ နွေရာသီ အားကစားသင်တန်း ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးနေမှုအခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေး
ရန်ကုန်၊ ဧပြီ ၂၉
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့၌ နွေရာသီ အားကစားသင်တန်း ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးနေမှုအခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အမျိုးသားဘောလုံးအကယ်ဒမီ မြက်ခင်းတုကွင်းသို့ ရောက်ရှိပြီး နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်အရ ရက် ၁၀၀ အတွင်း ဆောင်ရွက်ရမည့် Smart School နှင့် Football For School Program အရ မြန်မာ့ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချ တတ်စေရန်၊ ကာယ၊ ဉာဏစွမ်းအားများ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ ကြီးကြပ်မှုဖြင့် MFF Summer Football Skills Course 2026 (2nd Batch) နွေရာသီ အခြေခံဘောလုံးအားကစားသင်တန်းဖွင့်လှစ်ထားရှိမှုနှင့် သင်တန်းသား/သင်တန်းသူများအား အခြေခံ နည်းစနစ်များ စနစ်တကျ သင်ကြားပို့ချ လေ့ကျင့်ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားကောင်းများဖြစ်လာအောင် ဆက်လက်ကြိုးစား သွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းနည်းပြနှင့် သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်၊ မြန်မာ့သိုင်းသင်တန်းကျောင်းသို့ သွားရောက်ခဲ့ရာ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ကြိုဆိုခဲ့ကြပြီး နွေရာသီမြန်မာ့သိုင်းသင်တန်းသို့ တက်ရောက်နေသည့် သင်တန်းသား/သင်တန်းသူများနှင့် လက်ရွေးစင်အားကစားသမားများ၏ ဗိုဗီနမ်၊ ပန်ကြပ်ဆီလတ်နှင့် မြန်မာ့သိုင်း သရုပ်ပြသနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အားကစားကို အခြေခံမှစ၍ စနစ်တကျ သင်ယူလေ့ကျင့်ကစား၍ နိုင်ငံတော်မှ အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန်လိုကြောင်း၊ လာမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစား သမားကောင်းများဖြစ်အောင် ပိုမိုကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီးနောက် အဖွဲ့ချုပ်မှ ခင်းကျင်းပြသထားထားသည့် လေ့ကျင့်ရေးသုံး အထောက်အကူပြုပစ္စည်းများနှင့် ပြိုင်ပွဲသုံး အထောက်အကူပြုပစ္စည်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မျိုးဆက်သစ်အားကစားသမားများစွာ ရှာဖွေဖော်ထုတ်ပေးနိုင်စေရေးနှင့် မြန်မာ့သိုင်းအားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် မိမိတို့ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ အတူတကွ ဝိုင်းဝန်းပေါင်းစပ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။





