အားကစားရေးရာဝန်ကြီးဌာန

Loading

အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ ရက်(၁၀၀)စီမံချက်အဖြစ် Smart School နှင့် Football For School ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများ၊ အားကစားကွင်း/အားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မေ ၂၀

အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ ရက်(၁၀၀)စီမံချက်အဖြစ် Smart School နှင့် Football For School ဆိုင်ရာ လုပ်ငန်းများကို Pilot Project တစ်ခုအဖြစ် ဆောင်ရွက်နေမှုများ၊ ခရိုင်အားကစားကွင်းအတွင်း Synthetic ပြေးလမ်းခင်းကျင်း ပြီးစီးမှုအခြေအနေနှင့် အားကစားကွင်း/အားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အားကစားကွင်းသို့ သွားရောက်၍ ရက်(၁၀၀)စီမံချက်အဖြစ် အားကစားကွင်းအတွင်း ဘောလုံးနည်းပြ ၇ ဦးတို့က သင်တန်းသား/ သင်တန်းသူ ၉၂ ဦးတို့ကို ဘောလုံး နည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်သင်ကြားပေးနေမှုအားလည်းကောင်း၊ အားကစားရုံတွင် ကြက်တောင် နည်းပြ ၄ ဦးတို့က သင်တန်းသား/သင်တန်းသူ ၄၀ ဦးတို့ကို နည်စနစ်ပိုင်းဆိုင်ရာ သင်ကြားလေ့ကျင့် ပေးနေမှုအားလည်းကောင်း၊ တင်းနစ်အားကစားကွင်းတွင် တင်းနစ်နည်းပြ ၂ ဦးတို့က သင်တန်းသား/ သင်တန်းသူ ၁၇ ဦးတို့ကို နည်းစနစ်ပိုင်းဆိုင်ရာ သင်ကြားလေ့ကျင့်ပေးနေမှုအားလည်းကောင်း Smart School နှင့် Football For School ဆိုင်ရာ လုပ်ငန်းများကို Pilot Project တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး (ဘောလုံး၊ ကြက်တောင်နှင့် တင်းနစ်) အားကစားအဖွဲ့များအတွက် အင်အားဖြည့် အချိုရည်များအား ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် မျိုးဆက်သစ် အားကစားသမားများစွာ ပေါ်ထွက် လာစေရေးနှင့် အမျိုးသားအားကစားနည်းဖြစ်သည့် ဘောလုံးအားကစားနည်း တိုးတက်ဖွံ့ဖြိုးစေရေး၊ လူငယ်အားကစားသမားများ မွေးထုတ်ပေးနိုင်စေရေးနှင့် အခြေခံပညာကျောင်းများတွင် အားကစား သင်တန်းများကို ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ နှင့် ပေါင်းစပ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ မိတ္ထီလာမြို့နယ် အားကစား ကွင်းမှ မိတ္ထီလာခရိုင်အားကစားကွင်းသို့ ထွက်ခွာခဲ့ပြီး အားကစားကွင်းအတွင်း ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာရေး နှစ် ပြည်ထောင်စုငွေလုံးငွေရင်း ဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့သည့် Synthetic ပြေးလမ်းခင်းကျင်းပြီးစီးမှု အခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေး၍ ပြေးလမ်းအား ရေရှည်အသုံးပြုနိုင်စေရန်နှင့် လူငယ် မျိုးဆက်သစ်အားကစားသမားများ အရည်အသွေးကောင်းမွန်သည့် အားကစားကွင်းတွင် အဆင့်အတန်း မြင့်မားစွာ လေ့ကျင့်မှုပြုလုပ်နိုင်စေရန်အတွက် ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခရိုင်အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်းနှင့် မိုးလုံလေလုံအားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် မိမိတာဝန် ကျသည့် တိုင်းဒေသကြီး အားကစားအဆင့်အတန်းတိုးတက်မြင့်မားစေရန် အားကစားကွင်း/အားကစား ရုံများတွင် အားကစားလှုပ်ရှားလေ့ကျင့်မှုများ နေ့စဉ်မပြတ် ဆောင်ရွက်နိုင်စေရေးအတွက် လူငယ်များ အား စည်းရုံးလှုံ့ဆော်ခြင်းများနှင့် အားကစားပစ္စည်း ထောက်ပံ့ပေးခြင်းများကို စီမံဆောင်ရွက် ပေးသွားရန်နှင့် အားကစားကွင်း/အားကစားရုံ ရေရှည်တည်တံ့စေရေး၊ ဘောလုံးကွင်းအတွင်း မြက်ခင်း များစိမ်းလန်စိုပြည်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် အားကစားကွင်းပတ်လည် သန့်ရှင်း သာယာလှပစေရေးတို့အတွက် ပုံမှန်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြား ခဲ့ပြီးနောက် ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။