အားကစားရေးရာဝန်ကြီးဌာန

Loading

အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ကြံ့ခိုင်ရေးနည်းပြသင်တန်းဆင်းပွဲအခမ်းအနားသို့တက်ရောက်ခြင်းနှင့် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့များအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးအမှာစကား ပြောကြား

နေပြည်တော်၊ စက်တင်ဘာ ၁၈

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ကြံ့ခိုင်‌ရေး နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေး စခန်း (Gold Camp) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက သင်တန်းဆင်း အမှာ စကားပြောကြားရာတွင် သင်တန်းသား/သင်တန်းသူများအနေဖြင့် ယခုသင်တန်းတွင် Sports Fitness နှင့် Strength & Conditioning ဆိုင်ရာ အခြေခံသဘောတရားများသာမက အားကစားစွမ်းဆောင်ရည်များကို တိုးတက်စေရန် Fitness Assessment ပြုလုပ်ခြင်း၊ လေ့ကျင့်ခန်းများကို နည်းစနစ်နှင့် ပုံစံမှန်ကန်စွာ သင်ကြားပေးခြင်း၊ Training Load စီမံခန့်ခွဲခြင်း၊ Injury Prevention နှင့် Recovery တို့ကိုလည်း လေ့လာ သိရှိခဲ့ကြမည်ကို ယုံကြည်ပါကြောင်း၊ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်အောင် ဆောင်ရွက်ရာတွင် အားကစားသမားများကို စနစ်တကျ လေ့ကျင့်ပေးနိုင်သည့် အရည်အချင်းပြည့်ဝသော ကြံ့ခိုင်ရေးနည်းပြ ကောင်းများ ပေါ်ထွက်လာရန် လိုအပ်ပါကြောင်း၊ ယခုသင်တန်းသည် ပညာသင်ယူမှု၏ အဆုံးမဟုတ်ဘဲ လက်တွေ့အသုံးချမှု၏ အစပင်ဖြစ်ပါကြောင်း၊ သင်တန်းဆင်းလက်မှတ် ရရှိခြင်းထက် သင်ယူခဲ့သည့် ပညာရပ်များကို မိမိတို့တာဝန်ကျရာဒေသမှ အားကစားသမားများအပေါ် ဘေးကင်းလုံခြုံစွာ သိပ္ပံနည်းကျ ပြန်လည်အသုံးချနိုင်ရန် ပိုမိုအရေးကြီးပါကြောင်း၊ အားကစားနည်းတစ်မျိုးနှင့်တစ်မျိုး လိုအပ်ချက်များ မတူ ညီကြသလို အားကစားသမားတစ်ဦးနှင့်တစ်ဦး၏ အသက်အရွယ်၊ Fitness Level၊ လေ့ကျင့်မှု အတွေ့အကြုံ နှင့် စွမ်းဆောင်ရည်များသည်လည်း မတူညီနိုင်ကြပါကြောင်း၊ အားကစားသမားတစ်ဦးချင်းစီ၏ အခြေ အနေ၊ အားကစားနည်း၏ လိုအပ်ချက်အပေါ်မူတည်၍ သင့်လျော်သည့် Training Programme ကို ရေးဆွဲ ပေးနိုင်ရမည်ဖြစ်ပါကြောင်း၊ Training Programme ရေးဆွဲပြီးသည့်အခါတွင် အားကစားသမား၏ တိုးတက်မှု၊ ပင်ပန်းနွမ်းနယ်မှုနှင့် တုံ့ပြန်မှုများကို စောင့်ကြည့်အကဲဖြတ်ပြီး လိုအပ်သလို ပြန်လည်ပြင်ဆင် ပေးသွားရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် Injury Prevention နှင့် Athlete Safety ကို အမြဲတမ်း ဦးစားပေး ရမည်ဖြစ်ပါကြောင်း၊ ကြံ့ခိုင်ရေးနည်းပြများအနေနှင့် လေ့ကျင့်ခန်းများကို ပြသပေးနိုင်ရုံမျှမက Exercise တစ်ခုကို “ဘယ်လိုလုပ်ရမည်”၊ “ဘာကြောင့်လုပ်ရသည်၊ ဘာအတွက်လုပ်ရသည်၊ ဘယ်အချိန်တွင်လုပ် သင့်သည်၊ ဘယ်လောက်အထိလုပ်သင့်သည်” စသည်တို့ကို သိရှိနားလည်ထားရန် အရေးကြီးပါကြောင်း၊ ယခုသင်တန်းမှ ရရှိခဲ့သည့် အသိပညာနှင့် ကျွမ်းကျင်မှုများကို မိမိတို့တာဝန်ကျရာ နေရာများမှာ လက်တွေ့ အသုံးချပြီး အခြားနည်းပြများနှင့် အားကစားသမားများအား ပြန်လည်မျှဝေပေးကြစေလိုပါကြောင်း၊ မိမိတို့၏ Knowledge နှင့် Skills များကို ဆက်လက်တိုးတက်အောင် စဉ်ဆက်မပြတ် လေ့လာ၍ တာဝန် ယူမှု၊ စည်းကမ်းရှိမှုနှင့် Ethical Coaching တို့ကို ထိန်းသိမ်းပြီး အားကစားသမားများ၏ အကျိုးကို အစဉ်အမြဲရှေးရှု၍ တာဝန်ထမ်းဆောင်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ သင်တန်း အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် ပါဝင်ပံ့ပိုးကူညီပေးခဲ့ကြသည့် သက်ဆိုင်ရာဌာနခွဲများမှ အရာရှိကြီး များ၊ အရာထမ်း/အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိ ပါကြောင်းနှင့် သင်တန်းပြီးမြောက်အောင်မြင် တက်ရောက်ခဲ့ကြသည့် သင်တန်းသား/သင်တန်းသူများ အားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအားလုံး မိမိတို့၏ လုပ်ငန်း တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်ကြပြီး မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထား ရသည့် ကြံ့ခိုင်ရေးနည်းပြ (Fitness Instructor) ကောင်းများအဖြစ် ထူးချွန်စွာ ဆက်လက်ဆောင်ရွက် နိုင်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသား/ သင်တန်းသူ(၂) ဦးအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ သင်တန်းနည်းပြများကိုယ်စား သင်တန်းနည်းပြတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း အသီးသီး ပေးအပ်ခဲ့သည်။

အဆိုပါ “၂၀၂၆ ခုနှစ်၊ ကြံ့ခိုင်ရေးနည်းပြသင်တန်း”တွင် သင်တန်းနည်းပြ ၇ ဦးတို့က သင်တန်းသား ၁၆ ဦး၊ သင်တန်းသူ ၁၉ ဦး၊ စုစုပေါင်းအင်အား ၃၅ ဦးတို့အား ၂၀၂၆ ခုနှစ် စက်တင်ဘာ လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဘက်စုံသုံးခန်းမ၌ သင်တန်း ကာလ(၁၁)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် (၂၀)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲနှင့် (၃၄)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက် ရှိသည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးအမှာစကား ပြောကြား ရာတွင် နိုင်ငံ့ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြသည့်အတွက် နိုင်ငံ၏ ဂုဏ်သိက္ခာကို မြင့်တက်အောင် အားကစားဖြင့် စွမ်းဆောင်မြှင့်တင်ပေးနိုင်ကြောင်း၊ ပြိုင်ပွဲတိုင်းတွင် အနိုင်ရရှိအောင် ကြိုးစားဆောင်ရွက် သွားကြရမည့်အပြင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိရန်လိုအပ်ကြောင်း၊ အားကစားသမားများအနေဖြင့် ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ရာတွင် အုပ်ချုပ်သူ/နည်းပြများ၏ ပြောဆိုဆုံးမမှုများကို လေးစားလိုက်နာ ကြရန် အထူးမှာကြားလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ များသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပီတန်းအားကစားအဖွဲ့၏ လေ့ကျင့် နေမှုအား သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးနောက် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်းရှိ လက်ဝှေ့အားကစားအဖွဲ့၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ တိုက်ကွမ်ဒို အားကစားအဖွဲ့၏ လေ့ကျင့်နေမှုအားလည်းကောင်း၊ ပိုက်ကျော်ခြင်းအားကစားအဖွဲ့၏ လေ့ကျင့်နေမှုအား လည်းကောင်း၊ ခြင်းလုံးအားကစားအဖွဲ့၏ လေ့ကျင့်နေမှုအားလည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့ပြီး နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာ့အားကစားကဏ္ဍ ပိုမိုတိုးတက်မြင့်မားစေရန်နှင့် မိမိတို့ ဝန်ကြီးဌာန၏ ရည်မှန်းချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နိုင်ငံတကာအဆင့်မီ အားကစားကွင်း/အားကစားရုံများ အသစ် တည်ဆောက်ပေးခြင်းနှင့် အဆင့်မြှင့်တင်တည်ဆောက်ပေးခြင်းများအပြင် စခန်းသွင်းလေ့ကျင့်လျက်ရှိ သည့် အားကစားအဖွဲ့များအတွက် လိုအပ်သည့်လေ့ကျင့်ရေးသုံးပစ္စည်းများ၊ ပြိုင်ပွဲသုံးအထောက်အကူပြု ပစ္စည်းများနှင့် အခြားအုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ (၂၀)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၊ လာမည့်(၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစား အဖွဲ့များအနေဖြင့် အားကစားနည်းများအလိုက် လေ့ကျင့်မှုများပြုလုပ်ရာတွင် မိမိတို့၏ အားနည်းချက်/ အားသာချက်များကို ပြုပြင်ပြောင်းလဲ၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစား လေ့ကျင့်သွားရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပြီး အားကစားအဖွဲ့များ၏ အားကစားနည်းအလိုက် တင်ပြချက်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။