![]()
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် မိုးလုံလေလုံအားကစားရုံတည်ဆောက်မည့် မြေနေရာတို့အား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ မေ ၁၂
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ တာဝန် ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး ဧရာဝတီ တိုင်းဒေသကြီးအတွင်း နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါလမ်းညွှန်ချက်အရ Football For School Program ဆိုင်ရာ လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် မိုးလုံလေလုံ အားကစားရုံတည်ဆောက်မည့် မြေနေရာတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးတို့နှင့်အတူ ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်း ရုံးခန်းမ၌ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ လမ်းညွှန်ချက်များနှင့်ပတ်သက်၍ အားကစားကဏ္ဍမြင့်မားလာစေရေးနှင့် လူငယ်လူရွယ်များ၏ ကိုယ်လက်ကြံ့ခိုင်မှုများ တိုးတက်လာစေရေးအတွက် ပညာသင်ကြားသည့် အရွယ်တွင် အခြေခံပညာကျောင်းများ၌ ကိုယ်လက်လှုပ်ရှားမှုများ၊ အားကစားလှုပ်ရှားမှုများကို စနစ်တကျ လုပ်ဆောင်နိုင်အောင် ဖြည့်ဆည်းဆောင်ရွက်သွားရန် အာဟာရပြည့်ဝစွာဖြင့် စားသုံးနိုင်ရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း ပြောကြားခဲ့သည့်အတွက် အခြေခံပညာကျောင်းများတွင် အားကစားသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနိုင်ရန် သက်ဆိုင်ရာဌာန များနှင့်ချိတ်ဆက်၍ ပေါင်းစပ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းများ အောင်မြင်စေရန်အတွက် ဝန်ထမ်းများအချင်းချင်းမိသားစုသဖွယ် စည်းလုံးညီညွတ်စွာဖြင့် ပေါင်းစပ်ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးတို့နှင့်အတူ ကိုးသိန်းအားကစားကွင်း၌ ဖွင့်လှစ်သည့် ဘောလုံးသင်တန်းတွင် နည်းပြ ၆ ဦးတို့က သင်တန်းသား/သင်တန်းသူ အင်အား ၁၂၀ ဦးတို့ကို ဘောလုံးနည်းစနစ်ပိုင်းဆိုင်ရာ သင်ကြားလေ့ကျင့်ပေးနေမှု အခြေအနေများအား လည်းကောင်း၊ ပြေးခုန်ပစ်နည်းပြ ၃ ဦးတို့က အမျိုးသား/အမျိုးသမီး (မီတာ ၁၀၀ လက်ဆင့်ကမ်း၊ အမြင့်ခုန်)နှင့် အမျိုးသား (လမ်းလျှောက်)အားကစားနည်းတို့မှ အားကစားသမားအင်အား ၃၀ ဦးတို့ကို သင်ကြားလေ့ကျင့်နေမှုအခြေအနေများအားလည်းကောင်း၊ အဆင့်မြင့်ရေကူးကန်တွင် နည်းပြ ၆ ဦးနှင့် ရေကူးအားကစားသမား ၅၀ ဦးတို့၏ သရုပ်ပြသနေမှုများအားလည်းကောင်း၊ ပရိသတ် ၂၅၀၀ ဆံ့ အလျား ၁၂၀ ပေ အနံ ၉၀ ပေ ဘက်စုံသုံး မိုးလုံလေလုံအားကစားရုံ တည်ဆောက်မည့် မြေနေရာအားလည်းကောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်) ကျောင်းအတွင်း တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အတိုင်း Smart School နှင့် Football For School အစီအစဉ်များကို Pilot Project တစ်ခုအဖြစ် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့်ပေါင်းစပ်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ၅ ခု ဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ရက် ၁၀၀ စီမံချက်များ ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီး အားကစားအဆင့်အတန်း ပိုမိုတိုးတက် မြင့်မားလာစေရန်အတွက် အိုလံပစ်အားကစားနည်းများကို ရွေးချယ်ကာ အခြေခံအားကစား သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းနှင့် တိုင်း/ခရိုင်/မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲများ နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခြင်းဖြင့် မျိုးဆက်သစ် အားကစားသမားများ ရရှိစေရေးအတွက် ရှာဖွေဖော်ထုတ်ပေးသွားရန် တာဝန်ရှိသူ များကို တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။




