အားကစားရေးရာဝန်ကြီးဌာန

Loading

အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း မကွေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မေ ၁၉

အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်အတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် မင်းဘူးမြို့သို့ သွားရောက်၍ မင်းဘူးခရိုင်ဘောလုံးကွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုလုပ်ငန်းများဖြစ်သည့် ဘောလုံးကွင်းအား မြေဖို့ခြင်း၊ မြေညှိ မြေကြိတ်ခြင်း၊ ငါးရိုးပုံ ရေစိမ့်မြောင်း ပြုလုပ်ခြင်း ဘောလုံးကွင်းအား ကျောက်၊ နုန်း၊ သဲ၊ ဖွဲပြာခင်းခြင်းနှင့် ရေမြောင်းအား ၁ ပေ x ၆ လက်မ မြှင့်တင်ခြင်းနှင့် လိုအပ်သည်များ ဆောင်ရွက်ခြင်း၊ ပြေးလမ်း ခင်းကျင်းဆောင်ရွက်ခြင်း၊ ပြေးလမ်းရေမြောင်းမှ မူလရေမြောင်းသို့ ရေထုတ်မြောင်းပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် မိုးလုံလေလုံ အားကစားရုံတို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး အားကစားကွင်း/အားကစားရုံ ရေရှည်တည်တံ့စေရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးတို့အတွက် တာဝန်ရှိ သူများက စိစစ်ကြပ်မတ်သွားရန် မှာကြားခဲ့ပြီးနောက် မိုးလုံလေလုံ အားကစားရုံတွင် ဝူရှူးနည်းပြ ၂ ဦးတို့က အားကစားသမား ၂၄ ဦးတို့အား ဝူရှူးနည်းစနစ်ပိုင်းဆိုင်ရာ သင်ကြားလေ့ကျင့်ပေးနေမှု များအား ကြည့်ရှုအားပေးခဲ့ပြီး မျိုးဆက်သစ် ဝူရှူးအားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့လက်ရွေးစင်ဝူရှူးအားကစားသမားကောင်းများစွာ ပေါ်ထွက်လာစေရန် ပြုစုပျိုးထောင် လေ့ကျင့်သင်ကြားပေးသွားရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ မင်းဘူးမြို့မှ မကွေးမြို့သို့ ပြန်လည်ထွက်ခွာခဲ့ပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အားကစားကွင်း/ အားကစားရုံတို့အားလည်းကောင်း၊ တိုင်းဒေသကြီး အားကစားကွင်းတို့အားလည်းကောင်း လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း/အားကစားရုံ ရေရှည်တည်တံ့စေရေး၊ အားကစားကွင်း ပတ်လည်သန့်ရှင်းသာယာလှပစေရေး၊ ဘောလုံးကွင်းမြက်ခင်းများ စိမ်းလန်းစိုပြေစေရေးနှင့် ဂိုးတိုင်/ ဂိုးပိုက်များအား ဆေး၊ ထုံးဖြူများ သုတ်လိမ်းပြီး စနစ်တကျ တပ်ဆင်ထားရှိရေးအတွက် တာဝန်ပေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနရုံး၌ အရာထမ်း/အမှုထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အမှာစကား ပြောကြားရာတွင် Smart School နှင့် Football For School အစီအစဉ်များကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် Pilot Project တစ်ခုအဖြစ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ အတွင်း စီမံချက်အား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မကွေးတိုင်း ဒေသကြီးမှ တာဝန်ရှိသူများအနေဖြင့် မြန်မာ့အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဝူရှူး အားကစားနည်းအပြင် အခြားအားကစားနည်းများကိုလည်း လေ့ကျင့်သင်ကြားပေးပြီး မျိုးဆက်သစ် အားကစားသမားများစွာ မွေးထုတ်ပေးနိုင်စေရန်နှင့် တိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမို တိုးတက်မြင့်မားလာစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းအချင်းချင်း မိသားစုစိတ်ဓာတ် ထားရှိပြီး တစ်ဦးနှင့်တစ်ဦး ဖေးမကူညီ၍ ဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့် လုပ်ငန်းများ အောင်မြင်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်သွားရန် တိုက်တွန်းမှာကြား ခဲ့ပြီးနောက် ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ တင်ပြချက်များနှင့် အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။