အားကစားရေးရာဝန်ကြီးဌာန

Loading

အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားနည်းအလိုက် လေ့ကျင့်မှုများအားကြည့်ရှုအားပေး

ရန်ကုန် ၊ ဩဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းနှင့် ဒဂုံမြို့သစ် မြောက်ပိုင်းရှိ သက်ဆိုင်ရာအားကစားကွင်း/ အားကစားရုံများတွင် (၃၄)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အလေးမ ၊ ကျွမ်းဘား၊ ဝူရှူး၊ ခရစ်ကက်၊ Teqball၊ မသန်စွမ်းအားကစား၊ဘော်လီဘောနှင့် သေနတ်ပစ် အားကစား အဖွဲ့များ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ် ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှူးချုပ် ဦးကျော်ဦးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ အလေးမ၊ကျွမ်းဘား၊ဝူရှူး၊ ခရစ်ကက်၊ Teqball အားကစားကွင်း/အားကစားရုံများ၌ အားကစားနည်းများအလိုက် အားကစား သမားများ၏လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးပြီးနောက် အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ၊ အားကစားနည်းများအလိုက် အုပ်ချုပ်သူ/နည်းပြများ နှင့် အားကစားသမားအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားကစားသမားများအားလုံး စိတ်ဓာတ်ခွန်အားများ ရရှိစေရန်၊ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုရှိစေရေးအတွက် အားကစားနည်းအလိုက်လေ့ကျင့်မှုများ၊ သတ်မှတ်စံချိန်စံညွှန်းများရရှိပြီး နိုင်ငံတော်အတွက် ရွှေတံဆိပ် ဆုများရရှိအောင် အစွမ်းကုန် ကြိုးစားအားထုတ်သွားရန်လိုကြောင်း၊ နည်းပြများ၏ လေ့ကျင့်သင်ကြား ပြသပေးမှုများကို ကြိုးစားလိုက်နာသင်ယူ၍ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစား လေ့ကျင့်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီးနောက် အားကစားအဖွဲ့များ၏ တင်ပြချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပန်ကြပ်ဆီလတ်အဖွဲ့ချုပ်တို့ပူးပေါင်းဖွင့်လှစ်သည့် ပန်ကြပ်ဆီလတ်ဒိုင်သင်တန်း (၁/၂၀၂၆) သင်တန်း ဆင်းပွဲအခမ်းအနားသို့တက်ရောက်၍ ဒုတိယဝန်ကြီးက သင်တန်းဆင်းအမှာစကားပြောကြား၍ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသား(၂)ဦးကို သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း၊ မြန်မာနိုင်ငံပန်ကြပ်ဆီလတ်အဖွဲ့ချုပ်ဥက္ကဋ္ဌက သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်း အားကစားအဖွဲ့ချုပ်၊ဘော်လီဘောအားကစားရုံ၊ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်တို့သို့ ရောက်ရှိပြီး လာမည့် (၃၄)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ (၅)ကြိမ်မြောက်အာရှ မသန်စွမ်း အားကစားပြိုင်ပွဲနှင့် (၁၄)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင်အားကစားသမားများ၏ လေ့ကျင့်နေမှုူများအား ကြည့်ရှုအားပေးခဲ့ပြီးနောက် ပြိုင်ပွဲသို့အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး နှင့် အောင်မြင်မှုဆုတံဆိပ်များရရှိရေးအတွက် ယခုအချိန်ကတည်းကစ၍ စနစ်တကျ နှင့် အားသွန် ခွန်စိုက်ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း၊ ယခုအချိန်ကာလသည် ဝမ်းပျက်၊ ဝမ်းလျှောကူးစက် ရောဂါများဖြစ်ပွားနေသည့်အတွက် ကျန်းမာရေးကိုအထူးဂရုစိုက်ကြစေလိုကြောင်း၊ နေထိုင် စားသောက်မှုများ၊ လေ့ကျင့်မှုများ၊ ခေတ်နှင့်အညီပြောင်းလဲတိုးတက်လာသည့် နည်းဥပဒေ စည်းမျဉ်း/ စည်းကမ်းများကို အမြဲတမ်း လေ့လာမှတ်သားပြီး အားကစားသမားများကို စာတွေ့/ လက်တွေ့ သင်ကြားပြသပေးစေလိုကြောင်း၊ အားကစားသမားများကလည်း နည်းပြများ၏ သင်ကြားလေ့ကျင့် ပေးမှုများကိုလိုက်နာမှတ်သားပြီး မိမိအားကစားနည်းတွင် ကျွမ်းကျင်ပိုင်နိုင်သည့်အားကစားသမား ကောင်းများဖြစ်အောင် ကြိုးစားအားထုတ်လေ့ကျင့်သွားစေလိုကြောင်း ပြောကြားပြီးနောက် မြန်မာနိုင်ငံ သေနတ်ပစ်အဖွဲ့ချုပ်မှ ခင်းကျင်းပြသထားသည့် လေ့ကျင့်ရေးသုံးနှင့် ပြိုင်ပွဲဝင်သုံး အထောက်အကူပြု ပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၏ တင်ပြချက်များနှင့်လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။