အားကစားရေးရာဝန်ကြီးဌာန

Loading

အားကစားရေးရာဝန်ကြီးဌာန၏ ရက် ၁၀၀ အတွင်း စီမံချက်ဖြစ်သည့် Football For School ဆိုင်ရာ လုပ်ငန်းများကို Pilot Project တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ မေ ၂၂

အားကစားရေးရာဝန်ကြီးဌာန၏ ရက် ၁၀၀ အတွင်း စီမံချက်ဖြစ်သည့် Football For School ဆိုင်ရာလုပ်ငန်းများကို Pilot Project တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ‌နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဒုတိယဝန်ကြီး ဦးညီညီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ တာဝန်ခံညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါလမ်းညွှန်ချက်အရ အားကစားကဏ္ဍမြင့်မားစေရန် ရည်ရွယ်၍ မိမိတို့ဝန်ကြီးဌာနမှ ပြည်သူ့ အတွက် ကြိုးပမ်းဆောင်ရွက်ချက်များအဖြစ် ရက် ၁၀၀ အတွင်း စီမံချက်ရေးဆွဲပြီး Smart School နှင့် Football For School ဆိုင်ရာလုပ်ငန်းများကို Pilot Project တစ်ခုအဖြစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ၅ ခု တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ဌာနခွဲများမှ လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို တင်ပြပေးသွားရန်နှင့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ဦးကောင်းတစ်ယောက်ကောင်း ဆောင်ရွက်ခြင်းမပြုဘဲ အစုအဖွဲ့ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်အရ ရက် ၁၀၀ အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ မိတ္ထီလာမြို့နယ်များသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့်အတူ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ရာ တိုင်း/ ခရိုင်/ မြို့နယ်များမှ တာဝန်ရှိသူများ၏ မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားစေရေးနှင့် တိုင်း ဒေသကြီးများမှ မျိုးဆက်သစ် အားကစားသမားများရရှိစေရေးအတွက် အားထည့်၍ လှုပ်ရှားဆောင်ရွက် နေမှုများကို တွေ့ရှိခဲ့ရပါကြောင်း၊ အားကစားကဏ္ဍပိုမိုတိုးတက်မြင့်မားလာစေရန် ရေတို၊ ရေရှည် စီမံချက်များရေးဆွဲ၍ တင်ပြဆောင်ရွက်သွားရန်လိုကြောင်း၊ ဝန်ထမ်းများ၏ သက်သာချောင်ချိ စေရေးအတွက် ထောက်ပံ့ဆောင်ရွက်ပေးနိုင်ပါက ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန၏ ရည်မှန်းချက် များနှင့် လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအား Smart ဖြစ်သည့် ဝန်ကြီးဌာနတစ်ခုအဖြစ် ရပ်တည်နိုင်ပြီး နိုင်ငံတော် အကြီးအကဲ၏ လိုလားချက်၊ လမ်းညွှန်ချက်များကို အားလုံးအတူတကွ ညီညီညွတ်ညွတ် လက်တွဲ၍ တိကျမြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် အကြီးအကဲများ၏ မူဝါဒများနှင့် လမ်းညွှန်ချက်များကို လိုက်နာမှတ်သားပြီး ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရက် ၁၀၀ အတွင်း စီမံချက်နှင့်ပတ်သက်ပြီး ဆောင်ရွက်သွားမည့်လုပ်ငန်းများဖြစ်သည့် ပြည်တွင်း/ပြည်ပအားကစားပြိုင်ပွဲ များနှင့် ဆုတံဆိပ်ရရှိခဲ့မှုအခြေအနေများ၊ အခြေခံအားကစားသင်တန်းများနှင့် အားကစားနည်းအလိုက် နည်းပြ/ဒိုင်လူကြီး မွမ်းမံသင်တန်းများကို ဖွင့်လှစ်ပေးနိုင်ခဲ့မှုအခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရက် ၁၀၀ အတွင်း အသိပညာပေးသင်တန်း၊ အားကစားပြိုင်ပွဲများနှင့် မျိုးဆက်သစ် အားကစားသမားများမွေးထုတ်ပေးနိုင်ရန် ဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများက အသေးစိတ် ပြည့်စုံစွာ တင်ပြပေးသွားရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနခွဲများမှ တာဝန်ခံညွှန်ကြားရေးမှူးများက မိမိတို့တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းပြီး အသီးသီး တင်ပြဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး နိုင်ငံတော်အကြီးအကဲ ၏ လမ်းညွှန်ချက်များနှင့် မြန်မာ့အားကစားကဏ္ဍ ပိုမိုတိုးတက်မြင့်မားစေရေးအတွက် မိသားစုသဖွယ် အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် မိမိတို့ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်အောင် ထမ်းဆောင် ပေးသွားရန်နှင့် ဝန်ထမ်းများ၏ တင်ပြချက်များနှင့် အခက်အခဲများကို ဆင့်ကဲဆင့်ကဲ တာဝန်ယူ ဖြေရှင်းပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။