![]()
အားကစားရေးရာဝန်ကြီးဌာန၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း (၃၀၀) အထက် တည်ဆောက်ရေးလုပ်ငန်းများအတွက် QA/QC ငှားရမ်းခြင်းလုပ်ငန်းများအား အိတ်ဖွင့်တင်ဒါစာအိတ်(A) ဖွင့်ဖောက်စစ်ဆေးခြင်းအခမ်းအနားကျင်းပ
နေပြည်တော်၊ ဇွန် ၁၂
အားကစားရေးရာဝန်ကြီးဌာန၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း (၃၀၀)အထက် တည်ဆောက်ရေးလုပ်ငန်းများအတွက် QA/QC ငှားရမ်းခြင်းလုပ်ငန်းများအား အိတ်ဖွင့်တင်ဒါစာအိတ် (A)ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။
ဦးစွာ တင်ဒါကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် ကျပ်သန်း (၃၀၀)အထက် တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် ရေကူးကန်၊ Synthetic ပြေးလမ်း၊ မိုးလုံလေလုံအားကစားရုံ၊ ပွဲကြည့်စင်များနှင့် သင်တန်းသား/သင်တန်းသူအိပ်ဆောင်များသည် ရေရှည်အသုံးပြုရမည်ဖြစ်၍ ကြမ်းခင်းဈေး အောင်မြင်သူများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ စိစစ်ရွေးချယ်ပြီး တည်ဆောက်ရေး လုပ်ငန်းများတွင် သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းနှင့်ပြည့်မီစေရေးအတွက် QA/QC ငှားရမ်းခြင်းလုပ်ငန်းများအား တင်ဒါတင်းသွင်းခဲ့သည့် QA/QC ကုမ္ပဏီများ၏ အိတ်ဖွင့်တင်ဒါစာအိတ် (A)ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ အရည်အသွေးနှင့် အသုံးပြုမည့်ပစ္စည်းများမှာ စံချိန်/စံညွှန်းပြည့်မီရန် လိုအပ်သည့်အတွက် အရည်အသွေးပိုင်းတွင် စစ်ဆေးတာဝန်ယူမည့် QC ကုမ္ပဏီများမှာ အလွန်အရေးကြီးကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် အလွှာအလိုက်၊ အဆင့်အလိုက် စစ်ဆေးခဲ့မှု မှတ်တမ်းများကို စနစ်တကျထားရှိပြီး တင်ပြဆောင်ရွက်သွားရန်လိုကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများကိုအပ်နှံရာတွင်လည်း ပေးပို့တင်ပြထားသည့် မှတ်တမ်းများနှင့် ကိုက်ညီမှုရှိ/မရှိ တိုက်ဆိုင်စစ်ဆေးပြီးမှသာ လွှဲပြောင်း/လက်ခံခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အားကစားကွင်း/အားကစားရုံများ၊ ပွဲကြည့်စင်နှင့်အိပ်ဆောင်များ စသည့် အဆောက်အဦများကို အသုံးပြုရာတွင် အန္တရာယ်ကင်းရှင်းစေရေးအတွက် ကြံ့ခိုင်မှုပိုင်း၊ အရည်အသွေးပိုင်းနှင့် အသုံးပြု မည့်ပစ္စည်းပိုင်းကို အထူးဂရုစိုက်၍ ဦးစားပေးဆောင်ရွက်သွားရန်လိုကြောင်း မှာကြားခဲ့သည်။
ဆက်လက်ပြီး စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများက တင်ဒါတင်းသွင်းခဲ့သည့် QA/QC ကုမ္ပဏီများ၏ အိတ်ဖွင့်တင်ဒါစာအိတ် (A)အား စာရွက်စာတမ်းများနှင့် အချက်အလက်များပြည့်စုံမှု ရှိ/မရှိ ဖွင့်ဖောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တင်ဒါကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးညီညီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှမင်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ လက်ထောက်အတွင်းဝန်များ၊ အားကစားကွင်း/အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူးနှင့်တင်ဒါ ဖွင့်ဖောက်စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများ၊ QA/QC ငှားရမ်းခြင်းလုပ်ငန်းများအား တင်ဒါ တင်းသွင်းခဲ့သည့် QA/QC ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


