![]()
အားကစားရေးရာဝန်ကြီးဌာန၊ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကျင်းပ
နေပြည်တော်၊ ဧပြီ ၁၄
၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကာလဖြစ်သည့် ဧပြီလ(၁၃)ရက် မဟာသင်္ကြန် အကြိုနေ့တွင် ကျင်းပသည့် အားကစားရေးရာဝန်ကြီးဌာနနှင့် လူငယ်ရေးရာဝန်ကြီး ဌာနများမှ ဌာနအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၏ ပျော်ပျော်ရွှင်ရွှင် ရေပက်ကစားခြင်းများနှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုကပြဖျော်ဖြေခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ ကျင်းပခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားရေးရာဝန်ကြီးဌာန မဟာသင်္ကြန်ပွဲတော် အခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး မြူမှောင်ဝေကင်း တေးသီချင်း ဖြင့် ယိမ်းအဖွဲ့ဝင်များက စုပေါင်း၍ သံပြိုင်ညီညာ ကပြဖျော်ဖြေခြင်းများ၊ ဌာနအကြီးအကဲများက ယိမ်းအဖွဲ့ လှပျိုဖြူများနှင့် တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များအား အောင်သပြေခက်ဖြင့် အတာရေ လိုက်လံပက်ဖျန်းခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် အားကစားရေးရာဝန်ကြီးဌာနနှင့် လူငယ်ရေးရာဝန်ကြီးဌာနများရှိ ဌာနခွဲအသီးသီးမှ ဧည့်ခံကျွေးမွေးသည့် စတုဒိသာ မြန်မာ့ရိုးရာ အစားအစာများကို ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့်အတူ သုံးဆောင်ခဲ့ပြီး ဌာနခွဲများမှ ယိမ်းအဖွဲ့များ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်ပြီး အကြီးအကဲများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် အကြီးအကဲများ နှင့် ဧည့်သည်တော်များသည် ရခိုင်ရိုးရာ အတာရေ အပြန်အလှန် ပက်ဖျန်း၍ မြန်မာ့ရိုးရာ မဟာသင်္ကြန် ကို ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲခြင်း၊ ဌာနခွဲများမှ ဝန်ထမ်းယိမ်းအဖွဲ့များက တူးပို့တူးပို့၊ ရင်ထဲကမြို့မ၊ ပန်းမျိုးတစ်ရာ၊ တစ်နှစ်နွမ်းတစ်နှစ်ဆန်း၊ ယိမ်းသမလေးတွေ၊ နွေမ စသည့် မြန်မာ့ရိုးရာ သင်္ကြန် တေးသီချင်းများ၊ သင်္ကြန်အကအလှများဖြင့်လည်းကောင်း၊ Fitness Dance အဖွဲ့မှ အိုကေနားထား တေးသီချင်းများဖြင့်လည်းကောင်း အဖွဲ့လိုက် သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့မှုများကို ကြည့်ရှုအားပေးခဲ့ ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် အကြီးအကဲများနှင့် ဧည့်သည်တော်များက ဖျော်ဖြေရေးအကအဖွဲ့များအား ဂုဏ်ပြုဆုကြေးငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး မန်းတောင် ရိပ်ခို တေးသီချင်းဖြင့် ကပြသီဆိုဖျော်ဖြေ၍ မြန်မာတို့၏ ချစ်စရာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော်(အကြိုနေ့)အား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့သည်။
အဆိုပါ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်(အကြိုနေ့)အခမ်းအနားသို့ အားကစားရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့်ဇနီး၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ ဒုတိယဝန်ကြီး ဦးစစ်နိုင်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲခဲ့ပြီး နှစ်သစ်အား ကြိုဆိုခဲ့ကြောင်း သိရသည်။








