![]()
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
တောင်ကြီး၊ ဇွန် ၁၁
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာသိပ္ပံ(တောင်ကြီး) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း ဖွင့်ပွဲကို ဇွန်(၁၁)ရက် နံနက်(၈)နာရီက အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ဘက်စုံသုံး အားကစားခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသား ရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူ များအား ၂၀၂၆-၂၀၇ ပညာသင်နှစ်တွင် တက်ရောက်ကြမည့် အားကစားနှင့်ပညာရေးပေါင်းစပ် သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများမှ အားကစားနည်းအလိုက် ဂါရဝပြု မိတ်ဆက် ကြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက နိုင်ငံတော်၏ဂုဏ်သိက္ခာကို နိုင်ငံတကာ အားကစားပြိုင်ပွဲများအလယ်မှာ မြှင့်တင်ပေးနိုင်မည့် အားကစားသမားလူငယ်များ မွေးထုတ်ပေးနိုင် သည့် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းကို နှစ်စဥ်ရည်မှန်းချက်များအတိုင်း အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်သည့်အတွက် မြန်မာ့အားကစားလောက မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့်နေ့၊ ရှမ်းပြည်နယ်အတွက် ဂုဏ်ယူစရာအပေါင်းနှင့်ပြည့်စုံသည့်နေ့ဟု သတ်မှတ်ရမှာဖြစ်ပါကြောင်း၊ “ ယနေ့လူငယ်များသည် အနာဂတ်ကိုပိုင်စိုးသည်´´ ဆိုသည့်ဆောင်ပုဒ်အတိုင်း အနာဂတ်မြန်မာ့ အားကစားလောက၏ အဆင့်အတန်းသည် ယနေ့လူငယ်အားကစားသမားများအပေါ်တွင် အဓိက တည်မှီနေပြီး အားကစားလောကမှာ အောင်မြင်နေသော အားကစားသမားများကို လေ့လာကြည့် ပါက အားကစားနှင့်ကာယပညာသိပ္ပံကနေ မွေးထုတ်ပေးလိုက်သည့် လူငယ်အားကစားသမား များသည် မြန်မာ့လက်ရွေးစင်အဖြစ်နှင့် ယှဥ်ပြိုင်အောင်မြင်နေမှုကို တွေ့ရပါကြောင်း၊ အားကစား ထူးချွန်ရုံသာမက နိုင်ငံ့တာဝန်ကိုလည်း တစ်ထောင့်တစ်နေရာက တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများစွာနှင့် နေရာကဏ္ဍအသီးသီးမှာ ရပ်တည်နိုင်သူများအဖြစ် မွေးထုတ်ပေးနိုင်ခဲ့သည့် ဘူမိနက်သန်အဖြစ် အသိအမှတ်ပြုမှတ်တမ်းတင် ဖော်ပြလိုပါကြောင်း၊ လူငယ်မောင်မယ်များ ကလည်း သင်တန်းကသတ်မှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများကို တိတိကျကျလိုက်နာပြီး အနာဂတ်အားကစားလောကမှာ နိုင်ငံတော်ကအားထားရမည့် အားကစားသမားကောင်းများ ဖြစ်လာအောင် ပြင်းပြင်းထန်ထန် လေ့ကျင့်သွားကြရန်၊ အားကစားနှင့်ပညာရေးမှာထူးချွန်ပြီး ကိုယ်ရည်ကိုယ်သွေး မြင့်မားသောသူများအဖြစ်သို့ ရောက်ရှိလာစေရေးအတွက် အစွမ်းကုန်ကြိုးစား သွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်ပြီး အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီက အဖွင့်အမှာ စကားပြောကြားပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက သင်တန်းအတွက် ထောက်ပံ့စရိတ်နှင့် အားကစားပစ္စည်းများပေးအပ်ရာ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ တာဝန်ရှိသူတစ်ဦး က လက်ခံရယူပြီး အလှူရှင်များမှ ပေးအပ်လှူဒါန်းပေးကြသော အလှူငွေများကို ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ခင်ထွေးအောင်က လက်ခံရယူပေး၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ သည်။
ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသော အထောက်အကူပြု အားကစားပစ္စည်းများအား လှည်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။







