![]()
အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးညီညီ (၂၀)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန်၊ ဧပြီ ၂၅
(၂၀)ကြိမ်မြောက်အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပရာ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီ ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးနှင့် ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အားကစားရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးညီညီ က အဖွင့်အမှာစကားပြောကြားရာတွင် (၂၀)ကြိမ်မြောက် အရှေ့တောင် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံတွင်အိမ်ရှင်အဖြစ် ရန်ကုန်မြို့၊ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)ခန်းမ၌ မေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲကြီးကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်၊ အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစား အဖွဲ့ချုပ်နှင့် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်တို့၏ အဖွဲ့ဝင်နိုင်ငံအချင်းချင်း ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အတွက်ဖြစ်ကြောင်း၊ နိုင်ငံတကာအဆင့်ရှိ အားကစားပြိုင်ပွဲတစ်ရပ်ကို လက်ခံကျင်းပပေးခြင်းဖြင့် အာဆီယံဒေသနိုင်ငံများအတွင်း မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို အားကစားဖြင့် မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲသို့ အရှေ့တောင်အာရှနိုင်ငံ ၈ နိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး၊ ပြိုင်ပွဲအမျိုးအစားပေါင်း(၂၂)မျိုး ထည့်သွင်း ကျင်းပသွားမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲသို့လာရောက် တာဝန်ထမ်းဆောင်မည့် အပြည်ပြည်ဆိုင်ရာ ဒိုင်/ဂျူရီများနှင့် ပြိုင်ပွဲဝင် အသင်းများကို Hotel Yangon တွင် တည်းခိုနေထိုင်ရေးနှင့် စားသောက်ရေးဆိုင်ရာကိစ္စရပ်များကို စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး က ဆွေးနွေး တင်ပြရာတွင် ယခုကျင်းပပြုလုပ်သည့် (၂၀)ကြိမ်မြောက်အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲသည် နိုင်ငံတကာပြိုင်ပွဲများ၌ ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲကျင်းပရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် အတွေ့အကြုံများ ရရှိထားပြီးဖြစ်ပါကြောင်း၊ ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရည်မှန်းချက် ၊ မျှော်မှန်းချက်များ ထားရှိပြီး ပုံဖော်ဆောင်ရွက်ခဲ့ပါ ကြောင်း၊ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားပြီး ကမ္ဘာမှသိရှိသွားသည်အထိ ကြိုးစား ဆောင်ရွက်သွားရန်လိုကြောင်း၊ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့်နိုင်ငံအနေဖြင့် ဧည့်ဝတ်ကျေပွန်အောင် ဆောင်ရွက်ပေးသွားစေလိုကြောင်း၊ လာရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အသင်းများအား မြန်မာနိုင်ငံ၏ တန်ခိုးကြီးဘုရားဖြစ်သော ရွှေတိဂုံဘုရားနှင့် ဗိုလ်ချုပ်ဈေးတို့အား လေ့လာရေးခရီးစဉ်အဖြစ် လိုက်လံ ပို့ဆောင်ပေးစေလိုကြောင်း၊ မြို့တော်သန့်ရှင်းသပ်ရပ်သာယာလှပစေရေး၊ ပြိုင်ပွဲဝင်အသင်းများ သွားလာ နေထိုင်ရေးနှင့် စားသောက်ရေးတို့ အဆင်ပြေချောမွေ့စေရန် အားလုံးကဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် ကြရန်ပြောကြားခဲ့သည်။
ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က ဆွေးနွေးတင်ပြရာတွင် ပြိုင်ပွဲသို့ လာရောက်မည့် ဒိုင်/ဂျူရီများ၊ ပြိုင်ပွဲဝင်အသင်းများ တည်းခိုမည့် ဟိုတယ်၊ အားကစားလေ့ကျင့်နေစဉ်နှင့် ပြိုင်ပွဲကျင်းပနေစဉ်ကာလအတွင်း တည်းခိုမည့်နေရာနှင့် ပြိုင်ပွဲ ကျင်းပမည့်နေရာသို့ သွားလာရာလမ်းခရီးတို့တွင် လုံခြုံမှုရှိစေရန် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပြိုင်ပွဲကျင်းပမည့်ရက်များတွင် တည်းခိုမည့် ဟိုတယ်နှင့် MCC ခန်းမသို့ သွားလာရာတွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ရှေ့ပြေးဆိုင်ကယ်များဖြင့် သွားလာနိုင်စေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စီစဉ် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပြိုင်ပွဲကျင်းပနေစဉ်ကာလအတွင်း အားကစားသမားများ၏ ကျန်းမာရေး နှင့်မတော်တဆထိခိုက်ဒဏ်ရာရရှိပါက ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် သွားရောက်ကုသနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထား ပေးရန်နှင့် အရေးပေါ်လူနာတင်ယာဉ် ၁ စီးအား ပြိုင်ပွဲကျင်းပသည့် နေရာတွင် အသင့်ရှိစေရန် စီစဉ်ဆောင်ရွက်ထားရှိပေးရန်လိုအပ်ပါကြောင်း၊ ပြိုင်ပွဲဝင်အသင်းများ အနေဖြင့် သက်ဆိုင်ရာနိုင်ငံများသို့ အချိန်နှင့်တစ်ပြေးညီ အလွယ်တကူပြောဆိုဆက်သွယ်နိုင်ရန် ပြိုင်ပွဲ ကျင်းပမည့် MCC ခန်းမတွင် Wifi ဖွင့်လှစ် ထားရှိပေးနိုင်ရေးနှင့် ဆင်းကဒ်များ ရောင်းချ ပေးနိုင်ရေး တို့ကို စီစဉ် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပြိုင်ပွဲကျင်းပနေမှုများအား အများပြည်သူများ ကြည့်ရှု အားပေးနိုင်စေရန်အတွက် ရိုက်ကူးထုတ်လွှင့်ပြသပေးနိုင်ရေးနှင့် နေ့စဉ်ထုတ်သတင်းစာများတွင် ပြိုင်ပွဲဆိုင်ရာ သတင်းများပါရှိရေးတို့အား စီစဉ်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပြိုင်ပွဲကျင်းပနေစဉ်ကာလအတွင်း လျှပ်စစ်မီးမပြတ်တောက်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ဒိုင်/ဂျူရီများနှင့် ပြိုင်ပွဲဝင် အသင်းများ ရောက်ရှိသည့်အခါ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်ဝင်ခွင့်ဆိုက်ရောက်ဗီဇာ (Visa on Arrival) ရရှိရေးကိုလည်းကောင်း၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများတွင် ပြည်ဝင်ခွင့်ဗီဇာ ရရှိရေးကို လည်းကောင်း စီစဉ်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပြိုင်ပွဲသို့လာရောက်တာဝန် ထမ်းဆောင်မည့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြိုင်ပွဲဝင် အသင်းများနှင့်အတူ ပါရှိလာမည့်ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာနမှ ကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်သန်းက ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ ၊ ခွင့်ပြုချက်ရယူစီမံဆောင်ရွက်ထားရှိမှုများ၊ ပြိုင်ပွဲကျင်းပရေးနှင့် ပတ်သက်သည့် လုပ်ငန်းစီမံချက်အသေးစိတ်များ ၊ ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် အိမ်ရှင်မြန်မာ၊ ထိုင်း၊ မလေးရှား ၊ စင်ကာပူ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် နိုင်ငံများမှ ပြိုင်ပွဲဝင်ဦးရေ၊ ပြိုင်ပွဲ ကျင်းပမည့် အမျိုးအစား (၂၂)မျိုးနှင့် ပြိုင်ပွဲဖွင့်ပွဲ ၊ ပိတ်ပွဲ၊ ဆုချီးမြှင့်ပွဲအတွက် ဆောင်ရွက်သွားမည့် ကိစ္စရပ် များအားအသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီးနောက် အစည်းအဝေးသို့တက်ရောက်လာသည့် သက်ဆိုင်ရာ ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်တို့က မိမိတို့နှင့်သက်ဆိုင်သည့် ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် ရမည့် ကိစ္စရပ်များကို ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဆွေးနွေးတင်ပြရာ ဒုတိယ ဝန်ကြီးမှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး ဆပ်ကော်မတီများနှင့်အဖွဲ့ချုပ်တို့ပေါင်းစပ် ဆောင်ရွက်၍ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှာကြားချက်အတိုင်း ဆောင်ရွက်သွားကြရန် နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။




