အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်‌တော်၊ ဩဂုတ် ၁ ။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနား ကို ယနေ့နံနက် ၉နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမှာစကား ပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်မှာ သက်တမ်းအားဖြင့် (၃)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများအနက် တိုင်းတစ်ပါးမြေတွင် အမိမြန်မာနိုင်ငံတော်၏အလံကို အခြားနိုင်ငံအလံများ၏အထက် တိုင်ထိပ်အထိရောက်အောင် လွှင့်ထူနိုင်ရေးဆောင်ရွက်နိုင်သည့် ဝန်ကြီးဌာနမှာ မိမိတို့ဝန်ကြီးဌာန တစ်ခုတည်းသာဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ဂုဏ်ယူတတ်ကြရန်ပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံ၏ အားကစားလှုပ်ရှားဆောင်ရွက်မှုများအနေဖြင့် ယခင်က အောက်မြန်မာနိုင်ငံတွင် ရန်ကုန်မြို့နှင့် အထက်မြန်မာနိုင်ငံတွင် မန္တလေးမြို့တို့ကို ဗဟို ပြုပြီးဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၆၄ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံ အားကစားနှင့်ကာယပညာကော်မတီကို ဖွဲ့စည်းခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနကို ဖွဲ့စည်းခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက် ၃ ရပ်တွင် ပါဝင်သည့် “တစ်မျိုးသားလုံး သက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ရေး”၊ “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစု အဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် ဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ အားကစားကဏ္ဍဆောင်ရွက်မှုများအနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ နိုင်ငံတော်၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး၊ အရှေ့တောင်အာရှ၊ အာရှ နှင့် ကမ္ဘာ့နိုင်ငံများအကြား အဆင့်မြင့်မြင့် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိရေးတို့ကို တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အပြင် လူထုအားကစားလှုပ်ရှားမှုများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်စေရေး၊ မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်လာစေရေးနှင့် ပြိုင်ပွဲအတွေ့အကြုံများ ရရှိစေရေးတို့အတွက် ပြည်တွင်း/ ပြည်ပ ဖိတ်ခေါ်ပြိုင်ပွဲများကျင်းပပေးခြင်း၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ပြီး လူရွေးချယ်ရေး၊ လေ့ကျင့်ရေး၊ အောင်နိုင်ရေး စီမံချက်များကို ရေတိုရေရှည် စီမံချက်များ ချမှတ်ပြီး လူအား၊ ငွေအား၊ ပံ့ပိုးမှုအားများဖြင့် အချိန်နှင့်တပြေးညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (၆) ကျောင်းကိုလည်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ဧရာဝတီတိုင်းဒေကြီးတွင်လည်း ထပ်မံဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သော ကြီးမားသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ထူးခြားသည့်အင်အားစုတစ်ရပ်ဖြစ်သည့် အတွက် လူငယ်ရေးရာကဏ္ဍ ဆောင်ရွက်မှုများအနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများနှင့်ပူးပေါင်းပြီး လူငယ်ဆိုင်ရာကဏ္ဍ (၁၆)ခုတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများ အရည်အသွေးမြင့်မားလာစေရေးအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများဖွင့်လှစ်ပေးခြင်း၊ ရာထူးတိုးမြှင့်ခန့်ထားနိုင်ရေးအတွက် စာမေးပွဲများကျင်းပ၍ ဘုတ်အဖွဲ့ဖြင့်စိစစ်ဆောင်ရွက်ခြင်း၊ ဝန်ထမ်းသား/ သမီးများအား ပညာသင်ထောက်ပံ့ကြေးများနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများကို ဂုဏ်ပြုချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည့်အပြင် ဝန်ထမ်းများအား အလုပ်ရုံဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲ၊ လူငယ်စကားဝိုင်း၊ လူငယ်တွေ့ဆုံပွဲ၊ ပြည်ပလေ့လာရေးခရီးစဉ်များစသည့် ပြည်ပခရီးစဉ်များကို ခွင့်ပြုစေလွှတ်ပေးခဲ့သည့်အတွက် ဝန်ထမ်း(၇)ဦးတို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့တွင် သက်ဆိုင်ရာပညာရပ်တွေကို လေ့လာဆည်းပူးလျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် လက်ရှိရာထူးအဆင့်တွင် ရောင့်ရဲတင်းတိမ်ကာ ရပ်တန့်မနေကြဘဲ နိုင်ငံတကာသုံး English ဘာသာစကားအပြင် အခြားဘာသာစကားများ၊ IT နည်းပညာ၊ ကွန်ပျူတာစသည့် ဘာသာရပ်များကို ဆက်လက်လေ့လာဆည်းပူး သင်ယူကြပြီး ကိုယ်ပိုင်အရည်အချင်းများတိုးတက်အောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မိမိတို့ဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပခဲ့သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားတွင် ကော်မရှင်မှ ရှင်းလင်းဆွေးနွေးမှုအရ (၃) နှစ်တာကာလအတွင်း မိမိတို့ဝန်ကြီးဌာနသည် တိုင်ကြားစာပေးပို့ခံရမှု အနည်းဆုံးစာရင်းတွင်ပါဝင်ခဲ့သည့်အတွက် မိမိတို့ဝန်ကြီးဌာနအတွက် ဂုဏ်ယူပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် (National Task) အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် နိုင်ငံသားအားလုံးတွင် တာဝန်ရှိသ်အတွက် လာမည့် နှစ်ပတ်လည်နေ့တွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်ကြားစာ ကင်းရှင်းသည့် ဝန်ကြီးဌာနအဖြစ် အသိအမှတ်ပြုခံရရေး မိမိအပါအဝင် အောက်ခြေဝန်ထမ်းအားလုံးအထိ တာဝန်ရှိသည်ကို ရိုးရှင်းပွင့်လင်းစွာ ပြောကြားလိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနက ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် “အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့” (Corruption Prevention Unit) ၏ (Public Feedback Program) ပြည်သူ့ထံမှ တုန့်ပြန်မှုရယူခြင်းအစီအစဉ်အတွက် တစ်လေးလုံး SMS Message ပေးပို့ဆောင်ရွက်ရာတွင် အခြား ဝန်ကြီးဌာနများထက် ပိုမိုထိရောက်ကောင်းမွန်ကြောင်း သိရှိရသည့်အတွက် CPU အဖွဲ့၏ဆောင်ရွက်ချက်ကို မိမိအနေဖြင့် အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ စီမံအုပ်ချုပ်ရေး တာဝန်ရှိသူများ အနေဖြင့် ကျောသား ရင်သား မခွဲခြားဘဲ စီမံအုပ်ချုပ်သွားရန်မှာကြားလိုကြောင်း၊ လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည့် ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်ကြီးသည် မိမိတို့ဝန်ကြီးဌာန၏ ဂုဏ်ယူဖွယ်ရာ အရေးကြီးသည့်ပွဲတော်ကြီးတစ်ခုဖြစ်သည့်အတွက် နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါပြီး အောင်မြင်စွာကျင်းပနိုင်ရေး ဝန်ထမ်းများအားလုံး ကျရာအခန်းကဏ္ဍတွင် ကျေပွန်အောင်ဆောင်ရွက်ကြရန် အထူးတိုက်တွန်းမှာကြားလိုကြောင်း၊ “Health is Wealth” ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဆိုသည့် ဆောင်ပုဒ်နှင့်အညီ နှစ်စဉ် ဒီဇင်ဘာလကိုလည်း “လူထုအားကစားလ” ဟု သတ်မှတ်ထားသ်အတွက် ဒီဇင်ဘာလ၏ စနေနေ့ နံနက်တိုင်းတွင် စုပေါင်းလမ်းလျှောက်ပွဲကို နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီအပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ အတူတူပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြကြောင်း၊ ယနေ့အခမ်းအနားတွင် ဝန်ကြီးရုံး၊ အားကစားနှင့်ကာယပညာဦးစီးဌာန (နေပြည်တော်)နှင့် လူငယ်ရေးရာဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်းများအနက်မှ ဝန်ကြီးဌာနတွင်း/ ဌာနပြင်ပ သင်တန်းများတွင် ထူးချွန်ဆုရရှိခဲ့သည့် ဝန်ထမ်း ၆ ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အတွင်း အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ်အားကစားပြိုင်ပွဲတွေမှာ အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့ကြသည့် မိမိတို့ဝန်ကြီးဌာနမှ အားကစားသမား စုစုပေါင်း ၁၃ ဦးတို့ကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေကျပ်(၅၁)သိန်းတို့ကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့် မိမိတို့ကျရာအခန်းကဏ္ဍတွင် စည်းကမ်းရှိရှိ၊ တာဝန်သိသိဖြင့် မိသားစုညီအကို မောင်နှမသဖွယ် စည်းစည်းလုံးလုံး ပျော်ရွှင်စွာဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် ဝန်ထမ်းအားကစားသမားများနှင့် သင်တန်းများတွင် ထူးချွန်ဆုရရှိခဲ့သည့် ဝန်ထမ်းများအား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဆုရအားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။