အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း ပရိဝုဏ် အတွင်း၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးမျိုးကျော်သူ၊ ဦးဉာဏ်ဇော်ဦး၊ ဦးကျော်စိုးမိုးနှင့် အရာထမ်း/အမှုထမ်းများ စုပေါင်းပါဝင်ဆင်နွှဲ စိုက်ပျိုးခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယအမြဲတမ်း အတွင်းဝန်တို့က သတ်မှတ်နေရာများတွင် ရေတမာပင်များအား ဦးဆောင်စိုက်ပျိုးခဲ့ကြပြီးနောက် အရာထမ်း/အမှုထမ်းများက သတ်မှတ်နေရာများ၌ ရေတမာပင်နှင့် ကျွန်းပင် စုစုပေါင်း အပင်(၅၁၃)ပင် တို့အား စုပေါင်းစိုက်ပျိုးနေမှုများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ် များက လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးက “ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း၊ ထာဝရကုသိုလ်ရဖို့ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့” ဆိုသည့် အဆိုအမိန့် စကားရပ်များနှင့်အညီ ယခုမိမိတို့စိုက်ပျိုးကြမည့်အပင်များကို ရှင်သန်အောင် စိုက်ပျိုးရမည့် အပြင် စိုက်ပျိုးပြီးအပင်များကိုလည်း ရှင်သန်ဖြစ်ထွန်းကြီးထွားစေရေး အတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားရန် တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား မှာကြားခဲ့သည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိန်းသိမ်းနိုင်စေရန်၊ စိမ်းလန်းစိုပြေ၍ ရာသီဥတုမျှတကောင်းမွန်စေရေး၊ ရေနှင့် မြေဆီလွှာ ခမ်းခြောက်မှုကို ထိန်းသိမ်းနိုင်စေရေးတို့အတွက် ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန(ရုံးချုပ်) အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများအတွင်းရှိ အားကစားကွင်း/ အားကစားရုံများ၌ ရတနာတန်းဝင် အပင်များ၊ နှစ်ရှည်အပင်များ၊ အရိပ်ရလေကာပင်များနှင့် သီးပင်စားပင် အမျိုးအစားပေါင်း (၅၄)မျိုး စုစုပေါင်း အပင်အရေအတွက် (၅၂၆၅)ပင်တို့ကို တစ်ချိန်တည်း တစ်ပြိုင်တည်း မိုးရာသီ လူထုလှုပ်ရှားမှု အသွင်ဖြင့် ဆင်နွှဲစိုက်ပျိုးခဲ့ကြသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်းရှိ ငလျင်ဘေးဒဏ်သင့် လေ့ကျင့်ရေးကွင်းအမှတ် (၁)နှင့် (၃)တို့ရှိ ဘောလုံးကွင်းနှင့် ပွဲကြည့်စင်များ၏ ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး အားကစားကွင်း စိမ်းလန်းစိုပြေစေရေး၊ ရေလုံလောက်စွာ ရရှိစေရေး၊ ရေစိမ့်မြောင်းများ ကောင်းမွန်စေရေးနှင့် ပွဲကြည့်စင် ရေရှည်တည်တံ့စေရေးတို့အတွက် ထိန်းသိမ်းစောင့်ရှောက်သွားရန် တာဝန်ရှိ သူများကို လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားသမားများ၏ နေ့လည်စာ စားသောက် နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားဆေးဘက်ဆိုင်ရာ ဆရာဝန်များက Sports Nutrition နှင့်အညီ အားကစားနည်းအလိုက် တွက်ချက်ထားသည့် အားကစားသမား တစ်ဦးချင်းစီ အတွက် တစ်နေ့တာလိုအပ်သည့် ကဆီဓာတ်၊ အသားဓာတ်နှင့် အဆီဓာတ်များကို သတ်မှတ် ကယ်လိုရီပမာဏအတိုင်း အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်မျှတအောင် သန့်ရှင်း လတ်ဆတ်သည့် အသီးအရွက်များနှင့် အသားငါးများကို ချက်ပြုတ်ကျွေးမွေးသွားရန် တာဝန်ရှိသူ များအား မှာကြားခဲ့ကြောင်း သိရသည်။








