![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပခြင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ အောက်တိုဘာ ၃၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်အား အမှူးထား၍ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လျက် ရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပခဲ့သည်။
အစီအစဉ်အရ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဥယျာဉ်စုသိမ်ကျောင်းတိုက်၏ ဦးစီးပဓါနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့မှ ရွတ်ပွားသရဇ္ဈယ်တော်မူသော ပရိတ်တရားတော်များကို နာယူခြင်း၊ ဆရာတော်ကြီးများအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခြင်း၊ ဆရာတော်မဟာထေရ်မြတ်ကြီး ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးများနှင့် အရာထမ်းဝန်ထမ်းများက ဆရာတော်ကြီးများအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း များ ပြုလုပ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မတ်လ ၂၈ ရက်နေ့၌ လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အပြင်ဘက် ခြံစည်းရိုး အုတ်တံတိုင်းများ ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)နှင့် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း ပြန်လည် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အပြင်ဘက် ခြံစည်းရိုး အုတ်တံတိုင်း ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများ၊ Gate-1 အဝင်တံခါး ဆေးသုတ်နေမှု အခြေအနေများ၊ ဒီဇင်ဘာလူထုအားကစားလ လှုပ်ရှားမှုအထိမ်းအမှတ် လမ်းလျှောက်ပွဲအမီ မိန်းပေါက်ဝ အဝင်လမ်းနှင့် လမ်းဘေးဝဲယာ သန့်ရှင်းသာယာမှုရှိစေရေးအတွက် မြက်ပင်ချုံနွယ်များအား ရှင်းလင်း ဆောင်ရွက်သွားရန်လိုကြောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)ရှိ ခြံစည်းရိုးပြုပြင်ခြင်းလုပ်ငန်း၊ လမ်းဘေး ပလက်ဖောင်းများအား ထုံးသုတ်ခြင်းနှင့် ဆေးသုတ်ခြင်း လုပ်ငန်းများ အမြန်ဆုံး ပြီးစီးစေရေး၊ တွန်းအားပေးဆောင်ရွက်သွားရန်လိုကြောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A) အဝင်ဆိုင်းဘုတ် ပြုပြင်ရန်၊ ရုံအပြင်ဘက် ဘယ်/ညာ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် နိုင်ငံတကာ အဆင့်မီစေရေးအတွက် ပြုပြင် ထိန်းသိမ်းသွားရန်လိုကြောင်း၊ ရုံအတွင်းရှိ နားနေဆောင်၊ အများသုံးသန့်စင်ခန်း ပြုပြင်ခြင်းလုပ်ငန်းများ၊ ရေရရှိမှု အခြေအနေများ၊ အဲယားကွန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်မှု အခြေအနေများ၊ အဲယားကွန်း Chiller System စက်ခန်း ကောင်းမွန်စွာ လည်ပတ်နိုင်ရန် ရေလိုင်း၊ မီးလိုင်း ပြုပြင်ပြီးစီးမှုအခြေအနေ များ၊ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် တာဝန်ယူဆောင်ရွက်နေ သည့် ကုမ္ပဏီမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ဝင်ရောက်ယှဉ်မည့် ပိုက်ကျော်ခြင်း အားကစားနည်းမှ အားကစားသမားများ၏ အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်း နှစ်ယောက်တွဲ၊ သုံးယောက်တွဲ၊ လေးယောက်တွဲ အသင်းလိုက် လေ့ကျင့်နေမှု များနှင့် ကွင်းသွင်းခြင်းခတ်အားကစားသမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံ၍ ပိုက်ကျော်ခြင်း အားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ပြီး အောင်မြင်မှုဆုတံဆိပ်များ ရရှိအောင် နောက်ဆုံးအချိန်အထိ မဆုတ်မနစ်သော ဇွဲ၊ စိတ်ဓာတ်၊ လုံ့လတို့ဖြင့် အစွမ်းကုန် ကြိုးပမ်းအားထုတ်သွားရန် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းအတွင်းရှိ ဓာတ်လှေကား ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေ၊ VIP ဧည့်ခန်းမအား ဆောက်လုပ်ရေးအထောက်အကူပြုပစ္စည်းများ နှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ အထူးတန်းပွဲကြည့်စင် ပြန်လည်ပြုပြင်နေမှုအား အချိန်မီပြီးစီး စေရေး အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစေရေး ဦးစားပေး အလေးအနက်ထား ဂရုစိုက်ဆောင်ရွက်ရန်နှင့် အဆောက်အဦများ ရေရှည်တည်တံ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ Working Schedule အတိုင်း အချိန်မီပြီးစီးစေရေးအတွက် စစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။








