အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၁၄

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး ဒေါ်မေသန်းကြိုင်တို့အား အမှူးထား၍ နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်လျက်ရှိသည့် ဝန်ထမ်းမိသားစု များ၏ စတုတ္ထအကြိမ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁)၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့သည်။

အစီအစဉ်အရ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဥယျာဉ်စုသိမ်ကျောင်းတိုက်၏ ဦးစီးပဓါနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့မှ ရွတ်ဖတ်သရဇ္ဇုယ်တော်မူသော ပရိတ်တရားတော်များကို နာယူခြင်း၊ ဆရာတော်ကြီးများအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခြင်း၊ ဆရာတော်မဟာထေရ်မြတ်ကြီးထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီးနောက် ဆရာတော်ကြီးများအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး ဒေါ်မေသန်းကြိုင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့်ဇနီး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်ဇနီး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်နှင့်ဇနီး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။