အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား စည်းကားသိုက်မြိုက်စွာကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား မြန်မာရိုးရာယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများနှင့်အညီ ဘာသာရေးပွဲတော်များနှင့် ပျော်ပွဲရွှင်ပွဲများ တွင် တက်ညီလက်ညီ အတူတကွ ပူးပေါင်းပါဝင်လာစေရေး၊ မြန်မာတို့၏ ဓလေ့၊ ရိုးရာယဉ်ကျေးမှု အစဉ်အလာကို မြတ်နိုးထိန်းသိမ်းစောင့်ရှောက်တတ်စေရေး၊ ဝန်ထမ်းများအချင်းချင်း ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အပြန်အလှန် ညီညွတ်စွာဖြင့် အသင်းအဖွဲ့စိတ်ဓာတ်ကို အရင်းခံပြီး စည်းလုံး ညီညွတ်စွာဖြင့် ဝိုင်းဝန်းဆောင်ရွက်တတ်စေရေး၊ စုပေါင်းဆောင်ရွက်ရသည့် စည်းလုံးညီညွတ်မှုစွမ်းအား ကို ပြသနိုင်စေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများ၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ အိုးစည်၊ ဒိုးပတ်၊ သံချပ်၊ အကများနှင့် စည်းကားသိုက်မြိုက်စွာဖြင့် ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲခဲ့သည်။

ဦးစွာ ဒုတိယဝန်ကြီးများနှင့် အမှတ်ပေးဒိုင်လူကြီးများက မြန်မာတို့၏ချစ်စရာ ရိုးရာဓလေ့ တစ်ခုဖြစ်သော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် အရောင်၊ အဆင်း၊ အနံ့၊ အရသာနှင့် ပြည့်စုံ ကောင်းမွန်သည့် ထမနဲများရရှိစေရေးအတွက် ဌာနခွဲများမှ ပြိုင်ပွဲဝင်အသင်းများ ခင်းကျင်းထားသည့် ပါဝင်ပစ္စည်းများနှင့် အချိုးအစားအလိုက် ပြင်ဆင်ထားရှိမှုများအား စစ်ဆေးအတည်ပြုခဲ့ပြီးနောက် ပြိုင်ပွဲအားစတင်ကျင်းပခဲ့ရာ ဌာနခွဲများအလိုက် ကိုယ်စားပြု ဝန်ထမ်းများက အနံ့၊ အရသာနှင့် ပြည့်စုံ ကောင်းမွန်သည့် ထမနဲများရရှိစေရေးအတွက် စုပေါင်း၍ တက်ညီလက်ညီ ထိုးနေမှုများ၊ ဌာနခွဲများမှ ဝန်ထမ်းများက အဖွဲ့လိုက် ပြိုင်ပွဲဝင်အသင်းများအား သံချပ်များ၊ အိုးစည်း၊ ဒိုးပတ်များဖြင့် အပြိုင်အဆိုင် အားပေးနေမှုများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် အမှတ်ပေးဒိုင်လူကြီးများက လိုက်လံ ကြည့်ရှုအားပေးခဲ့ပြီး ဌာနခွဲများမှ ဝန်ထမ်းများ အပြိုင်အဆိုင် ထိုးထားသည့် ထမနဲများအား အရသာ မြည်းစမ်းခြင်းများနှင့် အနံ၊ အရသာ၊ အရောင်၊ အဆင်းများအပေါ်မူတည်၍ သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကြည့်ရှုအကဲဖြတ် အမှတ်ပေးပြီး ဆုရရှိသည့် အသင်းများအား ဆုံးဖြတ်ရွေးချယ်ပေးခဲ့သည်။

ထမနဲထိုးပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ နှစ်သိမ့်ဆုနှင့် ဂုဏ်ပြုဆုများရရှိခဲ့သည့် အသင်းများကို ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများကလည်းကောင်း၊ ရမှတ် ၂၂၆ မှတ်ဖြင့် တတိယဆုရရှိသည့် အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲအသင်းကို ဒုတိယ ဝန်ကြီး ဦးဇင်မင်းထက်ကလည်းကောင်း၊ ရမှတ် ၂၃၀ မှတ်ဖြင့် ဒုတိယဆုရရှိသည့် ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) အသင်းကို ဒုတိယဝန်ကြီး ဦးထိန်လင်းကလည်းကောင်း၊ ရမှတ် ၂၃၈ မှတ်ဖြင့် ပထမဆုရရှိသည့် စီမံရေးရာနှင့်ဘဏ္ဍာရေးရာဌာနခွဲအသင်းကို ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ကလည်းကောင်း ဂုဏ်ပြုဆုကြေးငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

မြန်မာတို့၏ (၁၂)လရာသီ ပွဲတော်များအနက် ကောက်ပဲသီးနှံ၊ ဆန်၊ စပါးတို့ထွက်ရှိပြီး ဖူလုံ စေသည့် လဖြစ်သော တပို့တွဲလသည် ချမ်းအေးခြင်း၊ ပျော်ရွှင်ခြင်းနှင့် ညီညွတ်ခြင်းတို့၏ ပြယုဂ်ကို တစ်ပြိုင်တည်းခံစားရသည့် လတစ်လဖြစ်သည့်အပြင် မြန်မာ့ရိုးရာထုံတမ်း အစဉ်အလာအရ ထမနဲထိုး ပြိုင်ပွဲများကို နိုင်ငံတစ်ဝန်းတွင် ဒေသအလိုက် စည်ကားသိုက်မြိုက်စွာဖြင့် ပျော်ပျော်ပါးပါး ကျင်းပဆင်နွှဲ လျက်ရှိကြောင်း သိရသည်။