အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနည်းအလိုက် အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၅

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် သည် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော်၌ စခန်းဝင် လေ့ကျင့်လျက်ရှိသည့် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)နှင့် လူငယ်အားကစား လေ့ကျင့်ရေးစခန်း (Youth Camp)တို့မှ အားကစားနည်းအလိုက် အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း အားကစားနည်းများအလိုက် သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံများတွင် လေ့ကျင့် လျက်ရှိသည့် ပြေးခုန်ပစ်၊ အလေးမ၊ ဝူရှူး၊ လက်ဝှေ့၊ ဘိလိယက်၊ ပိုက်ကျော်ခြင်း၊ မြားပစ် အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်း(Gold Camp)၊ Cluster-3 ရှိ ဂျူဒိုအားကစားလေ့ကျင့်ရေးခန်းမ၌ ဂျူဒို အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ Gym & Fitness Center တွင် ဘော်လီဘောအားကစားသမားများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် လေ့ကျင့်နေမှုများနှင့် Gym လေ့ကျင့်ရေးစက်ပစ္စည်းများ ပြင်ဆင်ထားရှိမှုများအားလည်းကောင်း၊ ပီတန်း အားကစားလေ့ကျင့်ရေးကွင်း၌ ပီတန်းအားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အုပ်ချုပ်သူ/နည်းပြများအနေဖြင့် မိမိအားကစား သမားများ တစ်ဦးချင်းတိုးတက်မှု ရှိ/မရှိ၊ ယခင်လတွင်ရရှိခဲ့သည့် စံချိန်/စံညွှန်းများနှင့် ယခုလတွင်ရရှိသည့် စံချိန်/စံညွှန်းများကို စနစ်တကျ မှတ်တမ်းများပြုစုထားရန်နှင့် တာဝန်ရှိ သူများကလည်း စိစစ်ကြပ်မတ်သွားရန်လိုကြောင်း၊ အားကစားသမားများ၏ စံချိန်/စံညွှန်း များ ကောင်းမွန်စေရေးအတွက် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုများကို လေ့ကျင့်ပေးရုံသာမက စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ရေးကိုယ်တာအခက်အခဲများကိုလည်း သိရှိနားလည်ပြီး ကူညီ ဖြေရှင်းပေးနိုင်ရေးအတွက် တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ တင်ပြပေးသွားရန် လိုကြောင်း၊ ယခင်အောင်မြင်မှုရရှိခဲ့သည့် အားကစားသမားများ၏ ကြိုးစားလေ့ကျင့်ခဲ့မှုနှင့် ဆုတံဆိပ်ရရှိခဲ့မှုများအတိုင်း မိမိတို့၏ အားကစားသမားများကို အလားတူ အောင်မြင်မှုများ ရရှိအောင် စနစ်တကျ လေ့ကျင့်သင်ကြားပေးသွားရန်လိုကြောင်း၊ အားကစားသမားများ အတွက် Nutrition ပိုင်းသည် လွန်စွာအရေးကြီးကြောင်း၊ လိုအပ်သည့် ကယ်လိုရီပမာဏနှင့် အာဟာရပြည့်ဝစွာ ကျွေးမွေးနိုင်စေရေးအတွက် အားကစားနည်းအလိုက်/ ကိုယ်အလေးချိန် အလိုက်/(ကျား/မ)အလိုက် တွက်ချက်၍ ပြန်လည်တင်ပြပေးသွားရန်လိုကြောင်း၊ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုများအတွက် အားကစားနည်းအလိုက် လေ့ကျင့်ပေးရန်လိုအပ်သည့် Gym နည်းစနစ် များ၊ Programme များအတိုင်း Gym တာဝန်ခံနှင့် နည်းပြများမှ ပေါင်းစပ်ညှိနှိုင်းပြီး စနစ်တကျ လေ့ကျင့်ပေးသွားရန်လိုကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Cluster-9 ရှိ စားရိပ်သာတွင် အားကစားသမားများအတွက် ချက်ပြုတ်ပြင်ဆင်နေမှုများ၊ အသီးအရွက်များ သိုလှောင်ထားရှိ သည့်နေရာနှင့် အားကစားသမားများ၏ နေ့လည်စာ စားသောက်နေမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားသမားများနှင့်အတူ နေ့လည်စာ သုံးဆောင်ခဲ့ကြောင်း သိရသည်။