အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန် ၄

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ရွှေညောင်အားကစားကွင်းအားလည်းကောင်း၊ ကလောမြို့နယ် အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံတို့အားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပျော်ဘွယ်မြို့နယ် အားကစားကွင်းနှင့် ရမည်းသင်းခရိုင်အားကစားကွင်းတို့အားလည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တပ်ကုန်းမြို့နယ်အားကစားကွင်း တို့အားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် နွေ၊ မိုး၊ ဆောင်း အားကစားပြိုင်ပွဲများ စဉ်ဆက်မပြတ် တာဝန်ယူကျင်းပလျက်ရှိသည့်နည်းတူ ပြိုင်ပွဲများ အဆင့်မီစွာကျင်းပနိုင်ရေး၊ ပြည်သူလူထုအနေဖြင့် အားကစားကွင်း/အားကစားရုံများတွင် လွတ်လပ်စွာ လှုပ်ရှားလေ့ကျင့်ကစားနိုင်စေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်လာစေရေးတို့အတွက် အရေးကြီးသည့်လုပ်ငန်းတာဝန်တစ်ခုဖြစ်သည့် အားကစား ကွင်း/အားကစားရုံများအား ပြုပြင်ထိန်းသိမ်းသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရွှေညောင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဖူဆယ်အားကစားရုံဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးကာ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာဖြင့် ကွင်းရုံတည်ဆောက်ရေး တာဝန်ရှိသူများက ဂရုပြုကြပ်မတ်စစ်ဆေးသွားရန်လိုအပ်ကြောင်း၊ သဘာဝဘေးဒဏ်ဖြစ်သည့် ငလျင်ဒဏ်ခံနိုင်သော အဆောက်အဦဖြစ်စေရေး ရေရှည်မျှော်မှန်းတည်ဆောက်ရန်နှင့် နိုင်ငံတော်က ဘဏ္ဍာငွေကုန်ကျသည့်အလျောက် ပြည်သူလူထုအတွက် အကျိုးရှိရန်လိုအပ်ကြောင်း၊ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အုတ်တံတိုင်းများကိုလည်း အားကစားကွင်းလုံခြုံရေးအတွက် အမြန်ပြန်လည်ပြုပြင်ရန် လိုအပ်ကြောင်း၊ ဘောလုံးကွင်းအား ရာသီမရွေးကစားနိုင်သည့် အားကစားကွင်းဖြစ်အောင် အမြဲပြုပြင်ထိန်းသိမ်းထားရှိရန်နှင့် ပွဲကြည့်စင်ပါ မီတာ(၄၀၀)ပြေးလမ်း ဖောက်လုပ်ထားရှိနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီးနောက် မြန်မာ့ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ယူကျင်းပနေသည့် ၂၀၂၅ ခုနှစ်၊ FIFA MFF U-15 Youth League ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည့် U-15 Shan Southern FC ဘောလုံးအသင်း လေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေးကာ နည်းစနစ်မှန်မှန်၊ ပြင်းပြင်းထန်ထန် လေ့ကျင့်သွားနိုင်ရေးကို တာဝန်ရှိသူ နည်းပြအဖွဲ့များက စနစ်တကျလေ့ကျင့်သင်ကြားပေးရန် မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အားကစားရုံအား ကြည့်ရှုစစ်ဆေးကာ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးနေမှု အခြေအနေများကို အမြန်ပြန်လည်ပြုပြင်ရန်၊ ရုံတွင်းအားကစားပြိုင်ပွဲများကျင်းပနိုင်ရေးဆောင်ရွက်ရန်နှင့် အားကစားရုံ အတွင်းနံရံများပြန်လည်ဆေးသုတ်ပြီး ခို၊ ငှက်များ မဝင်ရောက် နိုင်ရေး ငှက်လုံ သံဇကာဖြင့်တပ်ဆင်ကာရံသွားရန် မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရမည်းသင်းခရိုင်အတွင်းရှိ ရမည်းသင်းမြိုနယ်နှင့် ပျော်ဘွယ်မြို့နယ်တို့တွင် ငလျင်ဘေးဒဏ် ကြောင့် အုတ်တံတိုင်းပျက်စီးနေမှု အခြေအနေများအားလည်းကောင်း၊ အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားရုံတို့အားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း/ အားကစားရုံများတွင် ရေသုံးစွဲမှုအဆင်ပြေစေရေးအတွက် ရေစင်တည်ဆောက်ထားရှိမှု အခြေအနေများ၊ ဌာနအမည်ပေါက် မြေဂရမ်ဆက်လက်ရရှိစေရေး၊ အမျိုးသမီးဘောလုံး အားကစားသမားများ ပိုမိုမွေးထုတ်ပေးနိုင်စေရေး၊ အထူးတန်းပွဲကြည့်စင် တည်ဆောက်နိုင်ရေးနှင့် အားကစားရုံအတွင်း ခို၊ ငှက်များမဝင်ရောက်နိုင်စေရေးအတွက် ငှက်ဝင်ရောက်နိုင်သည့် အပေါက်များအား သံဇကာများဖြင့် ပြန်လည်တပ်ဆင်သွားရန် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တပ်ကုန်းမြို့နယ်အားကစားကွင်းသို့ရောက်ရှိပြီး အားကစားပြိုင်ပွဲများ လုံခြုံမှုရှိစွာ ယှဉ်ပြိုင်ကစားနိုင်စေရေးအတွက် ခြံစည်းရိုးအုတ်တံတိုင်း ကာရန်တပ်ဆင်ထားမှုအခြေအနေများနှင့် အားကစားကွင်း/အားကစားရုံ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေလုံလောက်စွာရရှိစေရေး၊ ဘောလုံးကွင်း စိမ်းလန်းစိုပြေစေရေးတို့အတွက် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပြီးနောက် ရုံးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရေးအတွက် အရာထမ်း/ အမှုထမ်းများ၏ လိုအပ်ချက်များနှင့် တင်ပြချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။