အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံများ ၊ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံဆွေးနွေး၍ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲအား ကြည့်ရှုအားပေး
ရန်ကုန်၊ မတ်လ (၂၂)ရက် ။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှိုင်အားကစားကွင်းသို့ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများက ကြိုဆိုကြပြီး လှိုင်မြို့နယ် အားကစား နှင့် ကာယပညာဦးစီးဌာနရုံး နှင့် ဝန်ထမ်းအိမ်ယာ အဆောက်အဦ ၊ အားကစားသမား နားနေခန်းနှင့် အဝတ်လဲခန်း ၊ GYM ခန်း ၊ လှိုင်မြက်ခင်းတုဘောလုံးကွင်း ၊ Indoor Stadium ၌ ပုံမှန်သင်တန်းနှင့် နွေရာသီ သင်တန်းတက်ရောက်နေသော တိုက်ကွမ်ဒို၊ ကရာတေး၊ စားပွဲတင်တင်းနစ်၊ ဖူဆယ် အားကစားသမားများ လေ့ကျင့်နေမှုများနှင့် ဘောလုံးလေ့ကျင့်ရေးကွင်းတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြား၍ အနောက်ပိုင်းခရိုင်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံကာ လမ်းညွှန် အမှာစကား ပြောကြားပြီး လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်ရှိ မဏ္ဍိုင်အားကစားကွင်းသို့ရောက်ရှိပြီး ဘောလုံးကွင်းအား ကြည့်ရှုစစ်ဆေး၍ ဘောလုံးကွင်း နှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် လိုအပ်သည်များ အား လမ်းညွှန်မှာကြားခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာမွေမြို့နယ်ရှိ ဘိုးလင်း အားကစားရုံသို့ရောက်ရှိပြီး မြန်မာနိုင်ငံဘိုးလင်းအားကစားအဖွဲ့ချုပ် ဥက္ကဌ နှင့် တွေ့ဆုံ၍ ဘိုးလင်းအားကစားရုံအား ကြည့်ရှုစစ်ဆေးပြီး ဉာဏ်ရည်မသန်စွမ်း လက်ရွေးစင်အားကစားသမားများ လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေါပုံမြို့နယ်ရှိ ဒေါပုံအားကစား ခန်းမသို့ရောက်ရှိပြီး နွေရာသီတိုက်ကွမ်ဒိုအားကစားသင်တန်း၌ သင်တန်းသား/ သင်တန်းသူများ လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးပြီး လာရောက်ကစားကြသည့် ကစားသမားများ နှင့် မိဘအုပ်ထိန်းသူပြည်သူများ စိတ်လက်အေးချမ်းသာယာမှု ရှိစေရေးနှင့် လိုအပ်သည်များအား တာဝန်ရှိသူများကို လမ်းညွှန်မှာကြားပြီးနောက် သာကေတမြို့နယ်ရှိ သာကေတအားကစားခန်းမနှင့် ဘောလုံးအားကစားကွင်းတို့ အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် ၊ မြန်မာနိုင်ငံမွေအဖွဲ့ချုပ်နှင့် မြန်မာလက်ဝှေ့ကော်မရှင်အဖွဲ့တို့မှ ဥက္ကဌများ နှင့် အတွင်းရေးမှူးတို့ကို တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အစည်းအဝေး၌ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဌမှ မိတ်ဆက်ဆွေးနွေး ပြီးနောက် မြန်မာနိုင်ငံမွေအဖွဲ့ချုပ်နှင့် မြန်မာလက်ဝှေ့ကော်မရှင်အဖွဲ့မှ ဥက္ကဌတို့က (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် လက်ရှိကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက် လက်လုပ်ဆောင် မည့် လုပ်ငန်းစဉ်များ ၊ နည်းပြ ၊ ဒိုင်နှင့် အားကစားသမားများ၏ ပြိုင်ပွဲ အထောက်အကူပြုပစ္စည်းများ၊ စားသောက်ရေးကိစ္စရပ်များ ၊ ဆေးဝါးကိစ္စရပ် များနှင့် အခြားလိုအပ်ချက်များအား စီမံဆောင်ရွက်ပေးမှုများ ၊ အဆင့်မြင့်နည်းပြ လိုအပ်ချက် များကို ဆွေးနွေးတင်ပြခဲ့ပါသည်။
ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူတို့က အဖွဲ့ချုပ်မှ တင်ပြဆွေးနွေးမှုများအား ဖြည့်စွက်၍ အသေးစိတ် ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြား ရာတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ အောင်မြင်မှုရရှိရေး အတွက် အုပ်ချုပ်သူ ၊ နည်းပြနှင့် အားကစားသမားများအားလုံးပူးပေါင်းကြိုးပမ်း ဆောင်ရွက်ကြရန် ၊ အားကစားဆေးပညာရပ်နှင့် စိတ်ပညာရပ်၌လည်း အဓိကထား ဆောင်ရွက်ကြရန် ၊ မြန်မာ့အားကစားအောင်မြင်ရေးအတွက် အားကစားသမားများ၏ အားကစား စိတ်ဓာတ်မြင့်မားပြီး အားကစားသမားကောင်း အမူအကျင့်ရရှိရေးလိုအပ် ကြောင်း၊ တိုင်းပြည်ချစ်စိတ် ၊ မျိုးချစ်စိတ်ရှိပြီး အားကစား စိတ်ဓာတ်အပြည့်အဝဖြင့် နောက်ဆုံးအခြေအနေထိ စည်းမျဉ်း/စည်းကမ်းများကို လိုက်နာ၍ အောင်မြင်မှု ရလဒ်ကောင်းများရရှိအောင် ကြိုးစားစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) ကျိုက္ကဆံကွင်း မြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးပြီးနောက် မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်ရုံးခန်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာအားကစားကွင်းသို့ရောက်ရှိပြီး တိုင်းဒေသကြီး အစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်မည့် မြသီတာမိုးလုံလေလုံအားကစားရုံ တည်ဆောက်မည့်မြေနေရာ နှင့် မြသီတာဘောလုံးကွင်းတည်ဆောက်ခြင်းတို့အား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များအား တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် ဝေဇယန္တာလမ်းရှိ လူငယ်အားကစားလေ့ကျင့်ရေးစခန်း(သုဝဏ္ဏ) ၊ လေ့ကျင့်ရေးကွင်း(၅)၌ (၃၃)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အသက်(၂၂) နှစ်အောက် မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်း အားကစားသမား ရွေးချယ်ရန်အတွက် အသက်(၂၂)နှစ်အောက် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းနှင့် ဟောင်ကောင်(တရုတ်) အသက်(၂၂)နှစ်အောက် အမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ပါသည်။
ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် ဟောင်ကောင်(တရုတ်)အသင်းတို့သည်(၂:၂)ဂိုး ဖြင့် သရေရလဒ်ရရှိသွားကြောင်း သိရှိရသည်။





