အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြားပစ်အားကစားသမားများ၏ လက်ရည်ဆန်းစစ် မြားပစ်ပြိုင်ပွဲ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ မတ် ၁၁

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် (Gold Camp)နှင့် (Youth Camp)တို့တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြားပစ်အားကစားသမားများ၏ လက်ရည်ဆန်းစစ် မြားပစ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိမြားပစ် လေ့ကျင့်ရေးကွင်း၌ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ယနေ့ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) Recurve တစ်ဦးချင်းရှုံးထွက်ပွဲစဉ်တွင် ပြည့်စုံနှင်းက ပထမ၊ ကောင်းခန့်မော်က ဒုတိယနှင့် သီဟထက်ဇော်က တတိယ၊ Compound တစ်ဦးချင်းရှုံးထွက်ပွဲစဉ်တွင် ဇင်သူရိန်မှူးက ပထမ၊ အောင်ကိုဦးက ဒုတိယနှင့် စုစုလှိုင်က တတိယတို့ အသီးသီး ရရှိခဲ့ကြသည်။

ထို့နောက် ဂုဏ်ပြုဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပခဲ့ရာ အတိုးတက်ဆုံးအားကစားသမားဆု ရရှိခဲ့ကြသည့် ပြည့်စုံနှင်း(Gold Camp)နှင့် ချိုချိုဇင်(Youth Camp)၊ Recurve/Compound တစ်ဦးချင်း ရှုံးထွက်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက မြားပစ်အားကစားနည်းမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအား ရင်းရင်း နှီးနှီး တွေ့ဆုံ၍ မြားပစ်၊ ဂေါက်သီးနှင့် သေနတ်ပစ်အားကစားနည်းများသည် စိတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်သည့် အားကစားနည်းများဖြစ်သည့်အတွက် စိတ်တည်ငြိမ်မှုရှိရန် အလွန်အရေးကြီးကြောင်း၊ စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုများကိုလည်း အထူးဂရုစိုက်လေ့ကျင့်ကြရန်လိုကြောင်း၊ မိမိရည်မှန်းချက် မပျောက်စေဘဲ အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိစေရေးအတွက် ကျန်းမာရေး အထူးဂရုစိုက် ကြရန် အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ အားကစားသမားများအား နေ့လည်စာပြင်ဆင်ကျွေးမွေးနေမှုနှင့် စားသောက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ပြသထားသည့် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် အားကစားလှုပ်ရှားမှုများပြခန်းနှင့် အာရှအားကစားပြိုင်ပွဲများနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းကြီးများ၏ ပုံတူရုပ်တုများပြခန်းတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ပြခန်းများရေရှည် တည်တံ့စေရေး၊ မှတ်တမ်း/မှတ်ရာများ စနစ်တကျရှိစေရေးနှင့် ပျက်စီးမှုများမရှိစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။