အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးပြင်းထန်ငလျင်ဒဏ်နှင့် နောက်ဆက်တွဲ ငလျင်များကြောင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် အဆောက်အဦများ၊ Synthetic ပြေးလမ်းနှင့် ယာဉ်ပတ်လမ်းများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ မေ ၂၃
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မတ်လ(၂၈)ရက်နေ့၌ ဖြစ်ပွားခဲ့သည့် မန္တလေး ပြင်းထန်ငလျင်ဒဏ်နှင့် မေလတွင် ဖြစ်ပွားခဲ့သော နောက်ဆက်တွဲ ငလျင်များကြောင့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်းရှိ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် ဘောလုံးအားကစားကွင်းပတ်လည် အဆောက်အဦ များနှင့် Synthetic ပြေးလမ်းများအား Max Myanmar Construction Co.Ltd မှ ပြည်လည်ရှင်းလင်း ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ အားကစားကွင်းအပြင်ဘက် ယာဉ်ပတ်လမ်း တစ်လျှောက် ပျက်စီးကွဲအက်နေမှု အခြေအနေများအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦများ အရည်အသွေးကောင်းမွန်စေရေး၊ ရေရှည်တည်တံ့စေရေး၊ သတ်မှတ်စံချိန်စံညွှန်း နှင့်အညီ အမြန်ပြီးစီးစေရေးတို့အတွက် စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီးနောက် မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များကို ပေါင်းစပ်ကူညီဆောင်ရွက် ပေးသွားမည်ဟု ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ အောင်နိုင်ရေး အတွက် ထောက်ပံ့လှူဒါန်းငွေပေးအပ်ခြင်းအခမ်းအနားကို မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃၁) ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဧည့်တွေ့ခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဆက်လက်ပြီး အလှူရှင်များက ထောက်ပံ့လှူဒါန်းငွေပေးအပ်ရခြင်းအကြောင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားသမားများ နေထိုင်စားသောက်မှုများ၊ လေ့ကျင့်မှုများ အဆင်ပြေစေရန်အတွက် ယခုလို ထောက်ပံ့လှူဒါန်းငွေများ လာရောက်ပေးအပ်လှူဒါန်းရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပြီးနောက် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအောင်နိုင်ရေးကော်မတီရန်ပုံငွေအဖြစ် ကိုရီးယားသမ္မတနိုင်ငံ Korea of J-Engle မှ ဥက္ကဋ္ဌ Mr.Lee Junsuk က ထောက်ပံ့လှူဒါန်းငွေ ကျပ်သိန်း(၁၀၀)အားလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ငလျင်ဘေးသင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် အားကစားအဖွဲ့များအတွက် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌကိုယ်စား Ranger Co.Ltd မှ General Manager ဒေါ်အိဖြူနှင်းသက်က ထောက်ပံ့ငွေကျပ် သိန်း(၂၀) အားလည်းကောင်း အသီးသီး ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့ ပြီးနောက် ယခုလို ထောက်ပံ့လှူဒါန်းပေးခဲ့သည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။







