အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများကို တွေ့ဆုံအားပေးစကားပြောကြား
နေပြည်တော်၊ ဧပြီ ၁၀။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ကျောက်ဆည်ခရိုင်အားကစားကွင်းသို့ရောက်ရှိရာ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော မန္တလေးငလျင်ဒဏ်ကြောင့် ကျောက်ဆည်ခရိုင် အားကစားကွင်းအနောက်ဘက် အုတ်တံတိုင်း ၅၀ ပေခန့် ပြိုကျပျက်စီးမှု၊ အရှေ့မြောက်ဘက် အုတ်တံတိုင်း ၉၅၀ ပေခန့် ပြိုကျပျက်စီးမှု၊ ကွင်းအရှေ့ဘက်ရှိ အလျား ၆၀ ပေ အနံ ၂၅ ပေရှိ ပွဲကြည့်စင် ၂ ခု ပျက်စီးမှုများ၊ ကွင်းပတ်လည်ရှိ ရေမြောင်းဖုံးများပျက်စီးမှုနှင့် ၁၂၀၀ ဂါလံဆံ့ ရေစင်ပျက်စီးမှု၊ အားကစားရုံပျက်စီးမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး အားကစားခန်းမအတွင်း ကျောက်ဆည်ခရိုင်နှင့် ကျောက်ဆည်မြို့နယ်မှ ဝန်ထမ်းများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ဝန်ထမ်း တစ်ဦးချင်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမြို့ရှိ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)သို့ ရောက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ ငလျင်ဒဏ်ကြောင့် နှစ်ထပ်ကျောင်းအုပ်ချုပ်မှုရုံးပျက်စီးမှုများ၊ နှစ်ထပ်စာသင်ဆောင်ပျက်စီးမှုများ၊ ထမင်းစားဆောင်ပျက်စီးမှုများ၊ BSc(Sports) သင်တန်းသားသုံးထပ်အိပ်ဆောင်နှင့် သုံးထပ် စာသင်ဆောင်ပျက်စီးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပျက်စီးမှုများကိုရှင်းလင်းကြရန်၊ ဆယ်တင်ပစ္စည်းရရှိမှုများကို စနစ်တကျသိမ်းဆည်းတင်ပြကြရန်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပညာရှင်များစစ်ဆေးပြီးပါက ပြန်လည်ပြင်ဆင်ရန်လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်းမှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံအတွင်း ပြေးခုန်ပစ်အားကစားကွင်း၊ အမိုးပါ BMX စက်ဘီးကွင်းပျက်စီးမှု၊ ကရာတေးအားကစားရုံပျက်စီးမှု၊ ဖူဆယ်အားကစားရုံပျက်စီးမှု၊ Squash အားကစားရုံပျက်စီးမှုနှင့် ဘိလိယက်အားကစားရုံပျက်စီးမှု၊ အမိုးပါရေကူးလေ့ကျင့်ရေကူးလေ့ကျင့်ရေးကန်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ပျက်စီးမှုများကို စနစ်တကျရှင်းလင်းရန် ဆယ်တင်ပစ္စည်းများကို စနစ်တကျပြန်လည်သိမ်းဆည်းရန် မှာကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဘော်လီဘောလေ့ကျင့်ရေးရုံတွင် အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး) မှ ဝန်ထမ်းများကိုတွေ့ဆုံ၍ ဝန်ထမ်းများ၏တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အားပေးစကားပြောကြားကာ ကျန်းမာရေးနှင့် လုံခြုံရေးဂရုစိုက်ကြရန်၊ ငလျင်ဒဏ်ကြောင့် ယာယီအမိုးအကာများတွင် စုပေါင်းနေထိုင်နေကြရသဖြင့် ဝမ်းရောဂါကဲ့သို့ ကူးစက်ရောဂါများမဖြစ်အောင် ဂရုစိုက်ကြရန်၊ ဝန်ထမ်းအချင်းချင်း မိသားစုသဖွယ် စည်းလုံး ညီညွတ်စွာဖြင့်နေထိုင်ကြရန် အခက်အခဲများဖြစ်ပေါ်ပါက အချင်းချင်းရိုင်းပင်းကူညီကြရန်နှင့် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီတင်ပြကြရန်မှာကြားပြီး ဝန်ထမ်းများအတွက် ဆန်၊ ကုလားပဲ၊ ငါးခြောက်၊ ခေါက်ဆွဲခြောက်၊ မုန့်မျိုးစုံ၊ ဒန်အိုးများ၊ တီရှပ်အင်္ကျီများ၊ ဆိုလာမီးများနှင့် ဝန်ထမ်းများကို ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ကာ အားပေးစကား ပြောကြားခဲ့သည်။
အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)တွင် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှ အလားအလာရှိသော အားကစားသမားများကို ရွေးချယ်၍ အားကစားနည်း ၁၅ မျိုး၊ သင်တန်းသား/ သင်တန်းသူ ၂၅၀ ဦးကို စိစစ်လက်ခံကာ မျိုးဆက်သစ်အားကစားသမားများဖြစ်အောင် သင်ကြားလေ့ကျင့်ပေးလျက်ရှိပြီး ယခုငလျင်ဒဏ်ကြောင့် နှစ်ထပ်ကျောင်းအုပ်ချုပ်မှုရုံး၊ စာသင်ဆောင်၊ BSC(Sports) သုံးထပ်စာသင်ဆောင်၊ BSC(Sports)ကျောင်းသားများ သုံးထပ်အိပ်ဆောင်၊ ဝူရှူး၊ ကရာတေး၊ ပိုက်ကျော်ခြင်း၊ GYM, Squash ၊ ဘိလိယက်အားကစားရုံများနှင့် ရေကူးကန်၊ သင်တန်းသား/ သင်တန်းသူအိပ်ဆောင်များ၊ ထမင်းစားဆောင်များ ပျက်စီးခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချမ်းအေးသာဇံမြို့နယ် ဗထူးအားကစား ကွင်းသို့ သွားရောက်ပြီး စားပွဲတင်းနစ်အားကစားရုံ၊ အလေးမအားကစားရုံ၊ ဝန်ထမ်းအိမ်ရာများနှင့် အားကစားကွင်းအတွင်း ပျက်စီးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဗထူးအားကစားကွင်းအတွင်း ငလျင်ဒဏ်ကြောင့် ယာယီမိုးကာတဲများဖြင့် ဝန်ထမ်းများအတွက် နေရာချထားမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဆန်၊ အစားအသောက်များနှင့် အဝတ်အထည်အသုံးအဆောင်များ၊ ဆိုလာမီးများထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ဝန်ထမ်းများကို ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ကာ အားပေးစကား ပြောကြားခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် အောင်မြေသာဇံမြို့နယ်၊ အောင်မြေမန္တလာ အားကစားကွင်းနှင့် အားကစားရုံအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး ပျက်စီးစာရင်းများကို တိကျစွာ ပြုစုပေးပို့နိုင်ရေး၊ အပျက်အစီးများရှင်းလင်းရေး ဆယ်တင်ပစ္စည်းများ စနစ်တကျ ပြန်လည်သိမ်းဆည်းထားရှိရေး မှာကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောင်မြေသာဇံမြို့နယ် ရွှေမန်းတောင် အားကစားကွင်း ပွဲကြည့်စင်၊ ၄ ထပ်အားကစားသမား တည်းခိုဆောင်၊ ၆ ခန်းတွဲ ဝန်ထမ်းအိမ်ရာနှင့် ပတ်လည်အုတ်တံတိုင်း ပျက်စီးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း ကျောက်ဆည်မြို့နှင့် မန္တလေးမြို့ရှိ အားကစားကွင်း/ အားကစားရုံ ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအတွက် ဆန်၊ ငါးခြောက်၊ ခေါက်ဆွဲခြောက်၊ ကုလားပဲ၊ မုန့်မျိုးစုံနှင့် အဝတ်အထည်များ ဆိုလာမီးများနှင့် ဝန်ထမ်းများအား ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။




