အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး
နေပြည်တော်၊ ဇွန် ၂၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပီတန်းအားကစားနည်းမှ ပဏာမလက်ရွေးစင် အားကစားသမားများနှင့် လူငယ်အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ပဏာမလက်ရွေးစင် အားကစားသမား များနှင့် လူငယ်အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ လက်ဝှေ့လေ့ကျင့်ရေး ရုံတွင် ပဏာမလက်ရွေးစင်လက်ဝှေ့အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း လိုက်လံကြည့်ရှုအားပေးကာ အုပ်ချုပ်သူများနှင့်နည်းပြများအား အားကစားနည်းအလိုက် နည်းစနစ် ပိုင်းများကို လေ့ကျင့်အပြီး ကုန်ခမ်းသွားသည့် အားအင်များကို ပြန်လည်ဖြည့်တင်းပေးရန်နှင့် လိုအပ်သည့် အာဟာရပြန်ပြည့်ဝအောင် ကျွေးမွေးသင့်သည့် အစားအစာများ၊ ဓာတ်ဆားရည်/အား ဖြည့်ဖျော်ရည်များနှင့် တိုက်ကျွေးရန်လိုအပ်မည့် အားဆေးအမျိုးအစားများကို (Sports Nutrition) နှင့်အညီ သတ်မှတ်ကယ်လိုရီအတိုင်း ကျွေးမွေးနိုင်စေရေးအတွက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ဆရာဝန်များနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြီး ပြန်လည်တင်ပြရန် ကိစ္စရပ်များအားလည်းကောင်း၊ အားကစားသမားများ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေး၊ လေ့ကျင့်မှုမတိုင်ခင်နှင့် လေ့ကျင့်မှုပြီးဆုံးချိန် များတွင် သွေးပူလေ့ကျင့်ခန်းနှင့် အကြောလျော့လေ့ကျင့်ခန်းများကို ထိထိရောက်ရောက် ပြုလုပ် စေရေးနှင့် အားကစားနည်းအလိုက် လိုအပ်သည့် လေ့ကျင့်ရေးအသုံးအဆောင်များနှင့် အထောက်အကူပြုပစ္စည်းများအား ဖြည့်ဆည်းပေးနိုင်ရေးကိစ္စရပ်များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။





