အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် အရာထမ်း/ အမှုထမ်းများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ ဖေဖော်ဝါရီ ၄
ဝန်းထမ်းများလုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားစေရေး၊ အားကစားနှင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရုံးလုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် စည်းလုံး ညီညွတ်စွာဖြင့် ကျရာအခန်းကဏ္ဍမှ ကျေပွန်စွာဆောင်ရွက်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် အရာထမ်း/ အမှုထမ်းများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ ကျင်းပခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့် လိုလားချက်များ၊ ဥပဒေ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည့်အချက်များ၊ လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် ဆောင်ရွက် သွားရမည့်ကိစ္စရပ်များ၊ လေ့ကျင့်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး နည်းစနစ်ပိုင်းနှင့် စံချိန်/ စံညွှန်းပိုင်းများတွင် မှတ်တမ်းများ စနစ်တကျပြုစု ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများမှ စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဝန်ထမ်းများ၏ ကျန်းမာရေး နှင့်ပတ်သက်ပြီး ကိုယ်စီ Body Mass Index(BMI) စစ်ဆေးမှုများ ဆောင်ရွက်သွားရန် လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာပြီး လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် တစ်ဦးနှင့်တစ်ဦး အထက်အောက်အပြန်အလှန် လေးလေးစားစား ပြောဆိုဆက်ဆံရန်နှင့် ဝန်ထမ်းများ၏ ခံစားခွင့်ဖြစ်သည့် ရာထူး တိုးမြှင့်ရေးကိစ္စရပ်များနှင့် ပြောင်းရွှေ့ရေးကိစ္စရပ်များတွင် ဘုတ်အဖွဲ့များဖြင့် မှန်မှန် ကန်ကန် ဆုံးဖြတ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးများ၊ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များက ဝန်ထမ်းများနေထိုင်သည့် အိမ်ရာများကို တာဝန်ရှိသူများက လာရောက်စစ်ဆေးသွားမည်ဖြစ်၍ သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် သန့်ရှင်းရေး ဆောင်ရွက်ထားရန်နှင့် သက်သာချောင်ချိမှုရှိစေရေးအတွက် သီးပင်စားပင်များ စိုက်ပျိုး သွားရန်၊ သက်ဆိုင်ရာကဏ္ဍများအလိုက် မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန် များကို ကျေပွန်အောင်ထမ်းဆောင်သွားကြရန်နှင့် လိုအပ်ချက်များရှိပါက စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ နွေရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ဂရုစိုက်ကြရန်နှင့် ကြိုတင်ကာကွယ်ရေးသရုပ်ပြမှုများနှင့် ဟောပြောပွဲများကို ပြုလုပ်ပေး သွားမည်ဖြစ် ကြောင်း၊ လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်စေရေးနှင့် ဥပဒေ စည်းမျဉ်း/ စည်းကမ်းများကို သိရှိနားလည်စေရန်အတွက် သင်တန်းများဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင် စေရေးနှင့် လူထုအားကစား လှုပ်ရှားဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအချင်းချင်း ညီညီညွတ်ညွတ်ဖြင့် စည်းမျဉ်း/ စည်းကမ်းများကိုလိုက်နာပြီး မိမိတို့ဝန်ကြီးဌာန တိုးတက်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။