အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအား တွေ့ဆုံအားပေးစကားပြောကြား
ရန်ကုန်၊စက်တင်ဘာလ (၂၀)ရက်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့မှအောက်တိုဘာလ(၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ မြန်မာအားကစားအဖွဲ့အနေဖြင့် အမျိုးသားဘောလုံး၊ အမျိုးသမီးဘောလုံး၊ လှေလှော်၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ မြားပစ်၊ E-Sports အားကစားအဖွဲ့များ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။
ယနေ့ နေ့လယ်(၂)နာရီခွဲတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ဝင်းအတွင်းရှိ အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင် လေ့ကျင့်လျက်ရှိသော ဝူရှူးအားကစားသမားများအား တွေ့ဆုံ၍ ပြိုင်ပွဲတွင် စံချိန်စံညွှန်း ကောင်းမွန်ပြီး အရည်အသွေး အရည်အချင်းပြည့်ဝစွာဖြင့် ယှဉ်ပြိုင်သွားရန်၊ နိုင်ငံတော်အနေဖြင့် အားကစားကဏ္ဍကို အထူးအလေးထားဆောင်ရွက်လျက်ရှိသည့်အတွက် အားကစားဖြင့် နိုင်ငံ့ ဂုဏ်ဆောင်နိုင်ရေးကို အစွမ်းကုန်ကြိုးစားစေလိုကြောင်း၊ အားကစားအောင်မြင်မှုသည် မိမိနိုင်ငံနှင့် လူမျိုး၏ဂုဏ်ကို မြင့်တက်စေပြီး တိုင်းချစ် ပြည်ချစ် စိတ်ဓာတ်များကို နိုးကြားတက်ကြွစေ သည့်အတွက် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် ပြိုင်ပွဲ ယှဉ်ပြိုင်ရာတွင် ပြိုင်ဘက်အား အထင်ကြီးခြင်း၊ အထင်သေးခြင်း ကင်းစွာဖြင့် နောက်ဆုံးစက္ကန့်အထိ မလျှော့သော ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်အပြည့်ဖြင့် အစွမ်းကုန် ကြိုးစားသွားကြရန် လိုအပ်ကြောင်း၊ အာရှအဆင့် ဖြစ်သည့်အတွက် ပြိုင်ဘက် ကောင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်၍ အတွေ့အကြုံကောင်းများလည်း ရရှိမှာဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာ မိမိလေ့ကျင့်ထားသည့်အတိုင်း ပြိုင်ပွဲဝင်နိုင်မည် ဖြစ်သည့်အတွက် အသွားအလာ၊ အနေအထိုင် ၊ အစားအသောက်များကို စနစ်တကျ စည်းကမ်းရှိရှိ ဆောင်ရွက်နိုင်ရေးကို နည်းပြ/အုပ်ချုပ်သူများက အနီးကပ်ကြည့်ရှု စောင့်ရှောက်ပေးရန် လိုအပ်ကြောင်း၊ အောင်မြင်မှု ရရှိပါက နိုင်ငံတော်မှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်သွားမှာ ဖြစ်သည့်အတွက် အစွမ်းကုန် ကြိုးစားသွားကြရန် အားပေးစကားပြောကြား ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသော ပြိုင်ပွဲဝင်အားကစားသမားများကို အားပေးစကားပြောကြားရာတွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲနှင့် အိုလံပစ်အားကစားပြိုင်ပွဲများသည် မြန်မာနိုင်ငံအနေဖြင့် အမြဲဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားပြိုင်ပွဲများဖြစ်ကြောင်း၊ ယခု ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားပြိုင်ပွဲတွင်လည်း ယခင်က ရရှိခဲ့သည့် အောင်မြင်မှုများကဲ့သို့ ရရှိအောင် အစွမ်းကုန် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ်လမ်းထောင့်ရှိ Wyndham Grand Hotel တွင် ညနေ (၆)နာရီ၌ ကျင်းပသည့် နီပေါနိုင်ငံ၏ အခြေခံဥပဒေရေးဆွဲခြင်း (၉)နှစ်မြောက်အထိမ်းအမှတ်နှင့် အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး H.E Mr Harishchandra Ghimire က ကြိုဆိုနှုတ်ဆက်၍ အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် နီပေါနိုင်ငံတော်သီချင်းတို့ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး နီပေါနိုင်ငံရိုးရာ အကများဖြင့် ဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။




