အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနည်းပြမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

နေပြည်တော်၊ မေ(၆)။

အားကစားစွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေပြီး အရည်အချင်းပြည့်မီသည့် နည်းပြ ဆရာကောင်းများ မွေးထုတ်ပေးနိုင်ရေး၊ အားကစားနှင့်ကာယပညာ (သိပ္ပံ)ကျောင်းများမှ မျိုးဆက်သစ် လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် အားကစားသမားများအား နည်းစနစ်မှန်ကန်စွာ သင်ကြားလေ့ကျင့်ပေးတတ်စေရေးတို့အတွက်ရည်ရွယ်၍ အားကစားနည်းပြမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာ စကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရေး၊ အားကစားနည်းအလိုက် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေးနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရေးအပြင် နိုင်ငံတော် ၏ လူ့စွမ်းအား အရင်း အမြစ်ဖြစ်သည့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားနည်းပြမွမ်းမံသင်တန်းများကို ၂၀၁၉ ခုနှစ်တွင် (၂)ကြိမ်ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် တစ်နှစ်လျှင်(၁)ကြိမ်သာ ဖွင့်လှစ်ပေးနိုင်ခဲ့ရာ ဖွင့်လှစ်သည့် အရေအတွက်နည်းသည့်အတွက် တစ်နှစ်လျှင်(၂)ကြိမ် ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုသင်တန်းတွင် အားကစားဆေးဘက်ဆိုင်ရာပညာရပ်များဖြစ်သည့် လူ့ခန္ဓာကိုယ် ကျန်းမာသန်စွမ်းရန်အတွက် အားကစားနည်းပြတစ်ဦးအနေဖြင့် မဖြစ်မနေသိရှိထားရမည့် သင်ခန်းစာများ၊ အားကစားသမားများအတွက် အရေးကြီးသည့် တားမြစ်ဆေးဝါးနှင့်ပတ်သက်သည့် ကိစ္စရပ်များကိုပါ လေ့လာသိရှိခွင့်ရရှိနိုင်မည့်အပြင် နည်းပြခြင်းဒဿနနှင့် အားကစားဖွံဖြိုးရေးအတွက် သိကောင်းစရာများ၊ လူထုဆက်သွယ်ရေးနည်းလမ်းများနှင့် ပြည်ပတွင်ပညာလေ့လာဆည်းပူးခဲ့ကြသည့် နည်းပြများကလည်း ၎င်းတို့၏ အတွေ့အကြုံနှင့် ဗဟုသုတများကို ပြန်လည်မျှဝေ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်လာကြသည့် နည်းပြများအနေဖြင့် အချိန်တိုအတွင်း အချိန်နှင့်တပြေးညီ တိုးတက်ပြောင်းလဲနေသည့် နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်လာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှ နည်းစနစ်ကောင်းများကို သိရှိနားလည်ပြီး နည်းပြကောင်းတစ်ယောက် ဖြစ်ရန် အင်္ဂလိပ်စာနှင့် ကွန်ပျူတာဘာသာရပ်နှစ်ခုစလုံးကို လေ့လာသင်ယူတတ်မြောက်ထားရန်လိုကြောင်း၊ သင်တန်းသားများအနေဖြင့် သင်ကြားပို့ချခဲ့သည့် သင်ခန်းစာများနှင့် ဘာသာရပ်များကို ကြိုးစားလေ့လာသင်ယူပြီး မိမိတို့တာဝန်ကျရာနေရာဒေသများတွင် အကျိုးရှိရှိပြန်လည်အသုံးချ၍ မျိုးဆက်သစ်အားကစားသမားများကို စဉ်ဆက်မပြတ်လေ့ကျင့်မွေးထုတ်ပေးနိုင်ရုံသာမက မြန်မာ့ လက်ရွေးစင်အဆင့်အထိရောက်ရှိအောင် စေတနာ၊ ဝါသနာ၊ အနစ်နာခံ၍ စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပြသလေ့ကျင့်ပေးနိုင်ပြီး အရည်အချင်းပြည့်ဝသည့် နည်းပြကောင်းများဖြစ်အောင် ကြိုးစားသွားရန် အထူးမှာကြားလိုကြောင်း၊ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပြများသည် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်သည့်အတွက် သင်တန်းတက်ရောက်လာကြသည့် နည်းပြများအနေဖြင့် အရည် အသွေးများ ပိုမိုတိုးတက်အောင် အမြဲမပြတ်လေ့လာဆည်းပူး၍ ကိုယ်တိုင်လိုက်နာ ကျင့်သုံးပြီး မိမိနိုင်ငံ၏ ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးနိုင်သည့် နိုင်ငံ့ဂုဏ်ဆောင် နည်းပြကောင်းများဖြစ်အောင် အထူးကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဇင်မင်းထက်နှင့် ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။