အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်း တက်ရောက် အဖွင့်အမှာစကားပြောကြား

နေပြည်တော်၊ စက်တင်ဘာ ၉ ။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာ နိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာခြင်းလုံးကစားနည်းသည် မိမိတို့နိုင်ငံတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀၀ ခန့်က တွင်တွင်ကျယ်ကျယ်ကစားခဲ့သည့် သမိုင်းအထောက်အထား များရှိခဲ့ပါကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းကို နိုင်ငံတကာအားကစားပြိုင်ပွဲ အနေဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် စုစုပေါင်း ရွှေတံဆိပ် ၁၄ ခု ဆွတ်ခူးရယူ ပေးနိုင်ခဲ့သော နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် အားကစားနည်းလည်းဖြစ်ပါကြောင်း၊ မန္တလေးမြို့၊ မဟာမြတ်မုနိဘုရားတွင် နှစ်စဉ်ကျင်းပလျက်ရှိသည့် ဝါဆိုခြင်းလုံးပွဲတော်ကို မြန်မာပြည်တွင်းရှိ အနယ်နယ်အရပ်ရပ်မှ ရိုးရာခြင်း ပညာရှင်၊ ဝါသနာရှင်များ သွားရောက်ခတ်ကစားလျက်ရှိပြီး ပြည်ပနိုင်ငံများဖြစ်သည့် အမေရိကန်၊ ဂျပန်၊ ထိုင်း အစရှိသည့်နိုင်ငံများမှ နိုင်ငံခြားသား ခြင်းဝါသနာရှင်များပါ ငွေကုန် ကြေကျခံပြီး စွဲလန်းနှစ်သက်စွာဖြင့် နှစ်စဉ်လာရောက် ခတ်ကစားလျက်ရှိကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်သည့် သင်တန်း သားများသည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး၏ ရိုးရာခြင်းလုံးပြိုင်ပွဲတွင် တာဝန်ယူကြမည့် ခြင်းလုံး ပညာရှင်များဖြစ်သည့် နည်းပြများနှင့်ဒိုင်လူကြီးများဖြစ်သည့်အတွက် သင်တန်းတွင် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ ပြုပြင်ပြောင်းလဲထားသည့် ခြင်းခတ်ပေါက် သတ်မှတ်ချက် များ၊ ခတ်နည်း အမှား/အမှန်များကို အချိန်နှင့်တပြေးညီသိရှိစေရန် နည်းပြလက်စွဲစာအုပ် ပြုစုထုတ်ဝေဖြန့်ချီပေးသွားမည့်အပြင် Projector နဲ့ CD ခွေများကို အသုံးပြု၍ ပြသသင်ကြား ပေးသွားမည်ဖြစ်၍ အမျိုးသားအားကစားပွဲတော်ကြီးအတွက် အကျိုးရှိထိရောက်မည့် အဆင့်မြင့်မွမ်းမံသင်တန်းတစ်ခုဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုသင်ကြားပို့ချ ပေးမည့် သတ်မှတ်ချက် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ မိမိတို့တာဝန်ကျရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အားကစားသမားများကို ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်နိုင်ရေး သင်ကြား လေ့ကျင့်ပေးသွားနိုင်မည်ဖြစ်ပြီး ပြိုင်ပွဲတစ်ခု၏ အနိုင်/အရှုံးသည် ဒိုင်လူကြီးများ၏ သမာသမတ် ကျမှုအပေါ် မူတည်နေသည့် အတွက် ဒိုင်လူကြီးများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊ အမှတ်ပေး စည်းမျဉ်း/စည်းကမ်းများကို တိကျသေချာစွာ သိရှိနားလည် သဘောပေါက်ပြီး မိမိတို့ တာဝန်ယူဆောင်ရွက်မည့် ပြိုင်ပွဲများတွင် အဂတိတရားလေးပါး ကင်းရှင်းစွာ သမာသမတ်ကျကျ ဆုံးဖြတ်ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း၊ နည်းပြအဖြစ် ဆောင်ရွက်မည့်သူများအနေဖြင့် မိမိအသင်းအတွက် လက်ရွေးစင်ကစားသမားများကို ရွေးချယ်ရာတွင် အသက်မှန်ကန်တိကျမှု ရှိစေရေး ဦးစားပေးစိစစ်ရွေးချယ်ကြဖို့ အဓိကမှာကြားလိုကြောင်း၊ လာမည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးအား နိုင်ငံတော်အဆင့် ကြီးကျယ်ခမ်းနားစွာ ကျင်းပသွားမည်ဖြစ်သည့်အတွက် ပြိုင်ဆိုင်မှုပြင်းထန်မည့် ပြိုင်ပွဲကြီးဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ ဖွင့်ပွဲအခမ်းအနားတွင် ကျောင်းသား/ကျောင်းသူလေးများ ၏ ခြင်းလုံးသရုပ်ပြခတ်ကစားပြသမှုကဏ္ဍ ပါဝင်လာမည်ဖြစ်ပြီး အဖွဲ့ချုပ်အနေဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေသည်ကို တွေ့ရှိရသဖြင့် ဝန်ကြီးဌာနအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မှတ်တမ်းတင်ပါကြောင်း၊ ရိုးရာခြင်းလုံး ခတ်ကစားခြင်းသည် မြန်မာတို့၏ မူပိုင်အားကစားနည်းဖြစ်၍ မိမိတို့နိုင်ငံသားများအနေဖြင့် ရိုးရာအမွေအနှစ်များကို ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ ခြင်းလုံးခတ်ကစားခြင်းကို ပုံမှန် လေ့ကျင့်ကစားလာကြမည်ဆိုပါက အသက်ကြီးလာသည်နှင့်အမျှ ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုသည်ကို သိရှိခံစားနိုင်မည်ဖြစ်ကြောင်း၊ ခြင်းလုံးအားကစားနည်း၏ ဆောင်ပုဒ်ဖြစ်သည့် “အပေးအယူ လွန်ကြည်ဖြူ ခြင်းမူစာဂ မျှစိတ္တ” ဆိုသည့်အတိုင်း တစ်ယောက်နှင့် တစ်ယောက် အပေးအယူ မျှမျှတတဖြင့် ကြည်ကြည်ဖြူဖြူ ခတ်ကစားရသည့်အတွက် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ တစ်ကိုယ် ကောင်းစိတ်ဓာတ် မထားရှိဘဲ တစ်ဦးခတ်လျှင် တစ်ဦးကပေး၊ တစ်ဦးကထောက် တစ်ဦးကကောက်ဖြင့် မျှမျှတတ ခတ်ကစားရမည် ဖြစ်သည့်အတွက် စည်းလုံးညီညွတ်မှုသဏ္ဍာန်ကို ပိုမိုပေါ်လွင်စေမည်ဖြစ်ကြောင်း၊ သင်တန်းသား များအနေဖြင့် ခြင်းလုံးအားကစားဖြင့် အမိနိုင်ငံ၏ဂုဏ်ကို မြှင့်တင်နိုင်သူများဖြစ်အောင် ဆက်လက်ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း)၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် နယက ဦးစိုးတင့်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများတက်ရောက်ခဲ့ပြီး သင်တန်း ကာလအဖြစ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။