အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာ့လက်ရွေးစင်အားကစားလေ့ကျင့်ရေးစခန်းနှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်းတို့မှ ပြေးခုန်ပစ်အားကစားနည်း၏ အုပ်ချုပ်/နည်းပြများ၊ အားကစားသမားများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဩဂုတ် ၂၇ ။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်၊ မြန်မာ့လက်ရွေးစင်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) နှင့် လူငယ် အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)တို့မှ ပြေးခုန်ပစ်အားကစားနည်း ၏ အုပ်ချုပ်/နည်းပြ အားကစားသမားများအား တွေ့ဆုံအမှာစကားပြောကြားသည့်အခမ်းအနားကို ယနေ့ နံနက် (၉)နာရီ တွင် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။

ဦးစွာ ပြေးခုန်ပစ်အားကစားနည်းမှ အုပ်ချုပ်/နည်းပြ အားကစားသမားများက အဖွဲ့လိုက် မိတ်ဆက်ခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တွေ့ဆုံအမှာစကားပြောကြားရာတွင် ပြေးခုန်ပစ်အားကစားနည်းသည် အခြားအားကစားနည်းများထက် အားကစားသမားဦးရေများပြီး ဆုတံဆိပ်အများဆုံးပေးသည့် အာကစားနည်းတစ်ခုဖြစ်ကြောင်း၊ အားကစားသမားများ၏ တိုးတက်မှု နှုန်းနည်းသည်ကို တွေ့ရှိရသည့် အတွက် ယခုလိုတွေ့ဆုံအမှာစကားပြောကြားရခြင်းဖြစ်ကြောင်း၊ ပြေးခုန်ပစ်အားကစားသမားများသည် လေ့ကျင့်မှုမပြတ်ရန်နှင့် ပုံမှန်လေ့ကျင့်ပြီး ပုံမှန်အနားယူမှသာ ကိုယ်ရည်ကိုယ်သွေးများ တိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ “ အချိန်နှင့် ဒီရေသည်လူကိုမစောင့်” ဆိုသည့် စကားပုံအတိုင်း အားကစားသမားများနေဖြင့် မြန်မာပြည်သူလူထု၏ ကိုယ်စားပြု နိုင်ငံတကာ ပြုင်ပွဲများကို သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိသည့်အတွက် အောင်မြင်မှုများရရှိနိုင်ရန် အစွမ်းကုန်ကြိုးစား လေ့ကျင့်မှသာ မိမိတို့၏ ရည်မှန်းချက်များကို အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်အရည်အသွေး/အရည်အချင်းများကို တိုးတက်အောင် အမြဲကြိုးစားကြရန်၊ လေ့ကျင့်မှုများများပြုလုပ် ကြရန်လိုကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာ လေ့ကျင့်မှုများ အဆက်မပြတ်ပြုလုပ်နိုင်မည်ဖြစ်သည့် အတွက် ကျန်းမာရေးအထူးဂရုစိုက်ရန်လိုကြောင်း၊ အရှေ့တောင်အာရှ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ချိန်ရှိသေးသည့်အတွက် စံချိန်/စံနှုန်းများ တိုးတက်ကောင်းမွန်လာအောင် ယခုကတည်းက အစွမ်းကုန်ကြိုးစားလေ့ကျင့်ကြရန်လိုကြောင်း၊ နည်းပြများအနေဖြင့်လည်း အားကစားသမားများကို မိမိ၏ ရင်ဝယ်သားကဲ့သို့ သဘောထားပြီး ဂရုတစိုက် ပြုစုပျိုးထောင်လေ့ကျင့်ပေးရန်လိုကြောင်း၊ နေထိုင်စားသောက်မှု၊ ဝတ်စားဆင်ယင်မှု၊ ပြောဆိုဆက်ဆံမှုများတွင် အားကစားသမားများ အတုယူ ထိုက်သူများ၊ စံပြပုဂ္ဂိုလ်များဖြစ်အောင် ပြုမူပြောဆိုနေထိုင်သွားရန်လိုကြောင်း၊ ပြေးခုန်ပစ်အားကစား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်ရွေးစင်အားကစားသမားဟောင်းကြီးများနှင့် အဖွဲ့ချုပ်မှ တာဝန်ရှိ သူများအားလုံး ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြား ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) နှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)တို့မှ ပြေးခုန်ပစ်အားကစားနည်း၏ အုပ်ချုပ်/နည်းပြ၊ အားကစားသမားများတက်ရောက်ခဲ့ကြောင်းသိရသည်။