အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Nong Rong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ရန်ကုန်၊ နိုဝင်ဘာလ(၂)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Nong Rong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နေ့လယ် (၃)နာရီခွဲ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်ဝင်း အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အောင်ဆန်းအားကစားပြိုင်ဝင်း၏ လက်ရှိ အခြေအနေကို အထူးတန်း ပွဲကြည့်စင်ပေါ်မှ ရှင်းလင်းပြသခဲ့သည်။ ယင်းနောက် အစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီးမှ နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီးနောက် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အောင်ဆန်းအားကစားပြိုင်ဝင်း၏ သမိုင်းကြောင်းအကျဉ်း၊ တည်နေရာ၊ ကောင်းကင်မြေပုံ၊ လက်ရှိပွဲကြည့်စင်၊ ပရိသတ်ဝင်ဆံ့မှုအခြေအနေ၊ လက်ရှိ အဆောက်အဦများပျက်စီးနေမှုအခြေအနေ၊ အသစ်ပြန်လည်ပြုပြင် တည်ဆောက်ရန်အတွက် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ လာရောက်ကြည့်ရှု စစ်ဆေးခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ ယခုအသစ်ပြုပြင် တည်ဆောက်ရန်အတွက် လျာထားသည့် ဘောလုံးကွင်း၏ ဧည့်ပရိသတ်ဝင်ဆံ့မှု၊ အားကစားပြိုင်ပွဲရုံအတွင်း ဧည့်ပရိသတ်ဝင်ဆံမှု၊ ကားပါကင်ထားရှိမှုစသည့် အကြမ်းဖျင်းလျာထား သတ်မှတ်မှုများနှင့် တရုတ်နိုင်ငံမှ လာရောက်သည့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးအဖွဲ့နှင့် ပေါင်းစပ်ဆောင်ရွက်မှုအခြေအနေများကို PowerPoint ဖြင့် ရှင်းလင်း တင်ပြခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ အောင်ဆန်းအားကစားပြိုင်ဝင်း အသစ်ပြန်လည် တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပူးပေါင်းဆောင်ရွက်ရာတွင် မိမိတို့ဘက်မှလည်း တတ်နိုင်သမျှ အစစအရာရာ အဆင်ပြေအောင် ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ဆောက်လုပ်ရေးဝန်ကြီးဌာန ကျွမ်းကျင်ပညာရှင်များနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍ အကောင်းဆုံး ဆောင်ရွက်သွားနိုင်မည်ဟုယုံကြည်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတည်ဆောက်ထားသည့် အောင်ဆန်းအားကစားပြိုင်ဝင်းကို နိုင်ငံတကာ အဆင့်မီ အားကစားကွင်းအဖြစ် ပြန်လည်တည်ဆောက်သွားလိုပါကြောင်း၊ ယခုလို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Nong Rong က လာရောက်ပြီး တွေ့ဆုံသည့် အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Nong Rong က အောင်ဆန်းအားကစားပြိုင်ဝင်း၏ အခြေအနေများအား ယခုလို လာရောက်ကြည့်ရှုရသည့် အတွက် လက်ရှိအခြေအနေများအား အချိန်တိုအတွင်း၌ပင်သိရှိနားလည်သွားပါကြောင်း၊ သမိုင်းမှတ်တမ်းအရ နှစ်ရာကျော် ကျော်ကြားခဲ့ပြီး အရေးကြီးသည့် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည့် ပြိုင်ပွဲအားကစားကွင်းဖြစ်သည့်အတွက် ပြုပြင်တည်ဆောက်သွားရန်လိုအပ်ကြောင်းကို ပိုမိုသိရှိပါကြောင်း၊ တရုတ်-မြန်မာ (၂)နိုင်ငံသည် အလွန်ချစ်ခင်ရင်းနှီးသော ဆွေမျိုးပေါက်ဖော်နိုင်ငံများ ဖြစ်သည့်အတွက် အောင်မြင်စွာ ပူးပေါင်းဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည့်အတွက် မိမိတို့ ဘက်မှလည်း အထူးအလေးထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသွားပြီးနောက် ပြည်ထောင်စုဝန်ကြီးမှ အမှတ်တရလက်ဆောင်ပစ္စည်းအား ပေးအပ်ပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံသည် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာကော်မတီဥက္ကဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင် ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးတို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ အမျိုးသားရေကူးကန်သို့ ရောက်ရှိလာ၍ အမျိုးသား ရေကူးကန်နှင့် ပရိသတ် (၄၀၅)ဦး ဝင်ဆံ့သည့် RC(2 ) နှစ်ထပ်ပွဲကြည့်စင်အသစ် တည်ဆောက်ပြီးစီးမှု အခြေအနေများအား လိုက်လံ ကြည့်ရှုစစ်ဆေးပြီး ရေကူးကန်အတွင်း သန့်ရှင်းသပ်ရပ်စေရန်၊ ရေသန့်စင်စနစ်ကောင်းမွန်စေရန်၊ အများပြည်သူများလာရောက် ကူးခတ်ရာတွင် စိတ်ချမ်းသာမှု ရှိစေရန်အထူးလိုအပ်ကြောင်း၊ လုံခြုံရေးအထူးဂရုစိုက်စေရန်နှင့် ပြောဆိုဆက်ဆံရာတွင် ပျူငှာမှုရှိစေရန် တာဝန်ရှိသူတို့အား အသေးစိတ်လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြမှုများ အား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်းသတင်းရရှိပါသည်။