အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ခံ ညွှန်ကြားရေးမှူးများအား လုပ်ငန်းလမ်းညွှန်မှာကြားသည့် အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ(၅)။

အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့် ရုံးလုပ်ငန်းများကို ထိထိရောက်ရောက်ဖြင့် အချိန်မီ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်အတွက် ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအပေါ်ထပ် အစည်းအဝေးခန်းမ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ ဌာနခွဲများ၊ အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းများနှင့် ပြည်နယ်နှင့်တိုင်း ဒေသကြီးများမှ တာဝန်ခံညွှန်ကြားရေးမှူးများအား လုပ်ငန်းလမ်းညွှန်မှာကြားသည့် အစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့သည်။

အစီအစဉ်အရ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က ယခုအစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ခံညွှန်ကြားရေးမှူးများအနေဖြင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ လိုအပ်ချက်များနှင့် အခက်အခဲများကို တင်ပြပေးသွားရန်နှင့် မိမိတို့၏ လက်အောက်ဝန်ထမ်းများကို ညီအစ်ကို/မောင်နှမသဖွယ် ပြောဆိုဆက်ဆံသွားရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာကြသည့် ဌာနခွဲများအလိုက် တာဝန်ခံ ညွှန်ကြားရေးမှူးများက ယခင်လ အစည်းအဝေးဆုံးဖြတ်ချက်များအရ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်လိုအပ်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ စီမံ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်မျာ၊း ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ အားကစားကွင်း/အားကစားရုံ ထိန်းသိမ်းမှုဆိုင်ရာကိစ္စရပ်များ၊ နယ်မြေဒေသလုံခြုံမှုနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေများအား အသီးသီး ဆွေးနွေးတင်ပြခဲ့ကြသည်။

တင်ပြချက်များအပေါ် တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ဆွေးနွေးပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနက ချမှတ်ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ထိုးထွင်းကြံဆပြီး လုပ်ကိုင်ဆောင်ရွက်မှသာ အားကစားလောက ပိုမိုအောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ စီမံအုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို ရုံးလုပ်ငန်း စည်းမျဉ်း/စည်းကမ်းများနှင့်အညီ စိစစ်ကြပ်မတ် လုပ်ကိုင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရန် ကြိုတင်လူရွေးချယ်၍ စခန်းသွင်းလေ့ကျင့်ပြီး သက်တမ်းအလိုက်ပြိုင်ပွဲများတွင် မှန်မှန်ကန်ကန်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွား ကြရန်လိုကြောင်း ပြောကြားခဲ့ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက စီမံအုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ယှဉ်ပြိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်ပတ်သက်ပြီး နယ်မြေဒေသ လုံခြုံရေးအခြေအနေအရ တာဝန်ခံ ညွှန်ကြားရေးမှူးများအနေဖြင့် ဝန်ထမ်းများအား လုံခြုံသည့်နေရာများတွင် တွဲဖက်တာဝန် ထမ်းဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးက ဆွေးနွေးဆုံးဖြတ်ချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြောကြားရာတွင် ဆုံးဖြတ်ပေးနိုင်သည့်ကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်ရန် ယခုလို အစည်းအဝေးပြုလုပ်ရခြင်းဖြစ်သည့်အတွက် လုပ်ငန်းများ မြန်မြန်ဆန်ဆန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊ အမျိုးသားအားကစားပွဲတော် ကျင်းပရေးနှင့်ပတ်သက်ပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားပေးသွားမည်ဖြစ်ကြောင်း၊ Sports Master Plan ရေးဆွဲနိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းအခြေအနေများကို မှတ်တမ်း ဓါတ်ပုံဖြင့် ပြန်လည်တင်ပြပေးသွားရန်နှင့် ဝန်ထမ်းအင်အား ပြုန်းတီးမှုများ လျော့နည်းစေရန်အတွက် တာဝန်ခံ ညွှန်ကြားရေးမှူးများက အောက်ခြေတွင် ညှိနှိုင်းဆောင်ရွက်ပေးသွားရန်လိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနခွဲများမှ ညွှန်ကြားရေးမှူးများက လူကိုယ်တိုင်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တာဝန်ခံညွှန်ကြားရေးမှူးများမှ ဗွီဒီယိုကွန်းဖရင့်စနစ်ဖြင့်လည်းကောင်း အသီးသီး တက်ရောက်ခဲ့ကြောင်းသိရသည်။