အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံ၍ ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်
ရန်ကုန်၊ မေလ (၂၈)ရက်
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ အားကစားသမားများနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့နံနက် (၀၉:၀၀)နာရီအချိန်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီးမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများ တက်ရောက်ကြပါသည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာ စကားပြောကြားရာတွင် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ အားကစားနည်း (၄၀)ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ၏ အရေအတွက်များကို ယနေ့အတည်ပြုပြီး (၂၉.၅.၂၀၂၅)ရက်နေ့တွင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေးကော်မတီသို့ ပေးပို့ရမှာဖြစ်ကြောင်း၊ နောက်ပိုင်းတွင် အတိုး/အလျှော့ အပြောင်းအလဲများ ပြုလုပ်ရန် ခက်ခဲမည်ဖြစ်ပါကြောင်း၊ ယခုသွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ချုပ်များအနေဖြင့် မိမိတို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ အရေအတွက်နှင့်ပြိုင်ပွဲတွင် ဆုရရှိနိုင်မှု အခြေအနေများကို တင်ပြ ဆွေးနွေးစေလိုပါကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသော မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများက (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအရေအတွက်၊ မိမိတို့အဖွဲ့ချုပ်အလိုက် အားကစားသမားများ ဆက်လက်စခန်းသွင်းလေ့ကျင့်နေမှုအခြေအနေများ၊ အားကစားလေ့ကျင့်ရေး အထောက်အကူပြုပစ္စည်းများသယ်ယူနိုင်ရေးကိစ္စရပ်များ၊ လေ့ကျင့်ရေးရုံနှင့်လေ့ကျင့်ရေးကွင်း အဆင်ပြေစေရေးကိစ္စရပ်များအား အသီးသီးတင်ပြဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် တက်ရောက်လာသည့်ပုဂ္ဂိုလ်များမှ အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြ ခဲ့ပြီးနောက် ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက တင်ပြဆွေးနွေးမှုများအပေါ် ထပ်မံဖြည့်စွက်ဆွေးနွေး၍ လိုအပ်ချက်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဒုတိယဝန်ကြီးမှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။



ထို့မှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ ညနေ(၁၅:၀၀)နာရီအချိန်တွင် ရန်ကုန်မြို့ အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပသော ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်လှေလှော်ပြိုင်ပွဲကို ကျင်းပပေးရခြင်းရဲ့ ရည်ရွယ်ချက်များ ဖြစ်သော တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ လူငယ်မျိုးဆက်သစ် လှေလှော်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ လှေလှော်အားကစားနည်းကို ပြည်သူအများ စိတ်ဝင်စားမှုရှိလာစေရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှလာရောက်ယှဉ်ပြိုင်ကြတဲ့ လှေလှော် အားကစားသမားများ အချင်းချင်းချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာလာစေရေးနဲ့ လှေလှော် အားကစားနည်း အဆင့်အတန်း တိုးတက် မြင့်မားလာစေရေးတို့အတွက်ဖြစ်ကြောင်း၊ လှေလှော်အားကစားနည်းသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ၊ အာရှအားကစားပြိုင်ပွဲများ၊ ကမ္ဘာ့အဆင့်ပြိုင်ပွဲများ၊ အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါပြိုင်ပွဲများ၊ ASEAN University Games ပြိုင်ပွဲများ၊ နိုင်ငံတကာဖိတ်ခေါ် ပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များရယူပေးနိုင်ခဲ့ပါကြောင်း၊ ဒါ့အပြင် ၂၀၂၅ခုနှစ်၊ ဩဂုတ်လတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချန်ဒူးမြို့မှာ ကျင်းပမယ့် World Games ပြိုင်ပွဲရဲ့ Dragon Boat နဂါးလှေလှော်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လက်ရည်စစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် အရည်အချင်းရှိ၍ ထူးထူးခြားခြားအောင်မြင်မှု ရရှိခဲ့ပါကြောင်း၊ ဒီအောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အထူးလိုအပ်ပါကြောင်း၊ အရှေ့တောင်အာရှ အဆင့်မှသည် အာရှအဆင့်၊ အာရှ အဆင့်မှသည့် ကမ္ဘာ့အဆင့် ထိတက်လှမ်းနိုင်ပြီး အောင်မြင်မှု များရရှိအောင်မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ဝါသနာရှင်များနဲ့ လှေလှော်အားကစားသမားများ အားလုံးအစွမ်းကုန် ကြိုးစားပူးပေါင်း ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် (၄)ချက်ရွတ် ဆိုပြီးနောက် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာသော ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီးနောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှ ထွက်ခွာပြီး ယနေ့ပွဲစဉ်များအဖြစ် မီတာ(၅၀၀)ပြိုင်ပွဲတွင် အမျိုးသား(၁၀)တက်လှေ ပြိုင်ပွဲ၊ အမျိုးသမီး(၁၀)တက်လှေပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး(၁၀)တက် လှေပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး(၂၀)တက်လှေပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရသည်။




