![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း အားကစားအထောက်အကူပြုပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးအပ်ပွဲအခမ်းအနား တက်ရောက်
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ကယားပြည်နယ် အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ် အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်)၌ ကျင်းပသည့် အားကစားအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ လှူဒါန်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဦးစွာ အားကစားအထောက်အကူပြုပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးအပ်ပွဲအခမ်းအနားကို ကယားပြည်နယ်ရှိ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)စုပေါင်းခန်းမ၌ ကျင်းပခဲ့ရာ Reva Co.Ltd မန်နေဂျင်း ဒါရိုက်တာ ဦးကျော်ဇင်ထက်က အားကစားအထောက်အကူပြုပစ္စည်းများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီး ဦးအောင်မျိုးသိန်းတို့ထံသို့ ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ပြီးနောက် အားကစားနှင့်ကာယပညာ သိပ္ပံ (လွိုင်ကော်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးသီဟအောင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပြီးနောက် အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)နှင့် ကယားပြည်နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံ၍ အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် မိမိဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များကို သိရှိနားလည် စေရန်နှင့် နိုင်ငံ့ဝန်ထမ်းဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် မိမိဝန်ကြီးဌာနအပေါ် သစ္စာရှိပြီး မိမိတို့အား ပေးအပ်ထားသည့် တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်သွားကြရန်လို ကြောင်း၊ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ထမ်းစည်းမျဉ်း/စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ပြီး စနစ်တကျလိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ ဝန်ထမ်းများ အချင်းချင်း မိသားစု စိတ်ဓာတ်ထားရှိပြီး စည်းစည်းလုံးလုံးဖြင့် ရုံးလုပ်ငန်းတာဝန်များကို ကျေပွန်အောင် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန်နှင့် လုံခြုံရေးအသိ/သတိဖြင့် သွားလာနေထိုင်သွားကြရန်လိုကြောင်း မှာကြားခဲ့ ပြီးနောက် ဌာနခွဲ ဝန်ထမ်းများက လိုအပ်သည်များကို တင်ပြခဲ့ကြရာ ဒုတိယဝန်ကြီးက ဝန်ထမ်းများ၏ တင်ပြချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)ကျောင်းအတွင်းရှိ သင်တန်းသား/သင်တန်းသူ အိပ်ဆောင်များ၊ အားကစားကွင်း/အားကစားရုံများနှင့် တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်) အစည်းအဝေးခန်းမ၌ ကယားပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးသီဟအောင်တို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအစီအမံများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းက ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပြီးနောက် ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်) စားရိပ်သာ၌ ဆရာ/ဆရာမများ၊ နည်းပြဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့ပြီးနောက် အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်) စုပေါင်းခန်းမ၌ သင်တန်းသား/ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မြန်မာ့လက်ရွေးစင်အားကစားသမားများကို အထောက်အကူ ပြုနိုင်သည့် မျိုးဆက်သစ်အားကစားသမားကောင်းများဖြစ်အောင် လေ့ကျင့်မှုများကို အရှိန်အဟုန် မပြတ်စေဘဲ ဆက်လက်လေ့ကျင့်သွားကြရန်နှင့် ပညာရေးဘက်တွင် လိမ်မာရေးခြားရှိစွာဖြင့် ထူးချွန် အောင်မြင်အောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




