အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများနှင့် အားကစားလေ့ကျင့်ရေးစခန်းများသို့ ဆက်လက်ကြည့်ရှုစစ်ဆေး
ရန်ကုန်၊ မတ်လ (၉)ရက်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် (၉)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရေကူးကန်သို့ ရောက်ရှိ၍ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ဝန်ထမ်းအချင်းချင်း တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီကြ၍ စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ကြရန်နှင့် လုံခြုံရေးအသိ၊ သတိရှိပြီး ကျန်းမာရေးအထူးဂရုစိုက်ကြရန်မှာကြားပြီး ဝန်ထမ်းများ၏လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်သို့ ရောက်ရှိလာပြီး အဖွဲ့ချုပ်ဥက္ကဌ နှင့်တာဝန်ရှိသူများက ကြိုဆိုကြပြီး စခန်းဝင်အားကစားသမားများ၏ လေ့ကျင့် နေမှုကို ကြည့်ရှု အားပေး၍ ဥက္ကဌမှ ခင်းကျင်းထားသော ပြိုင်ပွဲဝင်အမျိုးအစားအလိုက် အထောက် အကူပြုပစ္စည်းများ အသုံးပြုပုံ ကို ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ ရောက်ရှိလာရာ တာဝန်ရှိသူများက ကြိုဆိုကြပြီး (၁၃)ကြိမ်မြောက်အာဆီယံမသန်စွမ်း အားကစား ပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်နေသော အားကစားနည်း (၁၂)နည်းမှ အားကစားသမားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအတွက် အားပေးစကားပြောကြားခဲ့ ပြီးနောက် ဆေးခန်း၊ စားရိပ်သာ များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အစည်းအဝေးခန်းမ၌ လက်ရှိဆောင်ရွက်နေမှုအခြေအနေများကိုတင်ပြရာ ဒုတိယဝန်ကြီးမှ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် တောင်ဥက္ကလာပ မြို့နယ်ရှိ ပဒေသာအားကစားကွင်းသို့ ရောက်ရှိလာပြီး အထူးတန်းပွဲကြည့်စင် ပြင်ဆင်ထားရှိမှု၊ Synthetics ပြေးလမ်း၊ ဘောလုံးကွင်း တို့ကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ဆဲ လက်ဝှေ့အားကစားရုံ ၊ အမျိုးသား/အမျိုးသမီး (၄)ထပ်အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ကို တာဝန်ရှိပုဂ္ဂိုလ်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက်ဒုတိယဝန်ကြီးသည် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Training Center) သို့ ရောက်ရှိလာရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Myanmar National League CEO ဦးစိုးမိုးကျော် နှင့်တာဝန်ရှိသူများက ကြိုဆိုကြပြီး လက်ရှိ ပြိုင်ပွဲကျင်းပနေမှုများအား ရှင်းလင်းတင်ပြ ၍ ဖူဆယ်အားကစားနည်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှုများအား လိုက်လံရှင်းလင်းပြသခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် YTC ဝင်းအတွင်းရှိ အမျိုးသား/အမျိုးသမီး (၄)ထပ် အားကစားသမားအိပ်ဆောင်များ၊ မြန်မာနိုင်ငံ လက်ဝှေ့ အဖွဲ့ချုပ် ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် တို့၏ လေ့ကျင့်ရေး အားကစားရုံများသို့သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး တင်ပြမှုများ အပေါ်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးခဲ့ပြီးနောက် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်သို့ ရောက်ရှိ၍ အားကစားသမားများ My Whoosh Software ဖြင့် Electric Bike စီးနင်းလေ့ကျင့်နေပုံများအား တာဝန်ရှိသူများ က ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးမှ သိလိုသည်များကို မေးမြန်း၍ အားပေးစကား ပြောကြားခဲ့ကြောင်းသိရှိရသည်။




