အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း/အားကစားရုံ၊ ရေကူးကန်နှင့် ရွှေကြာပင်အားကစားကွင်း၊ မိုးလုံလေလုံအားကစားရုံနှင့် ဒက္ခိဏသီရိမြို့နယ်အားကစားကွင်းများသို့ လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၈

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားကွင်း/ အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း၊ ရေကူးကန်၊ အားကစားရုံ(C)နှင့် ရွှေကြာပင်အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း၊ မိုးလုံလေလုံ အားကစားရုံနှင့် ဒက္ခိဏသီရိမြို့နယ်အားကစားကွင်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းနှင့် တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ဒုတိယဝန်ကြီးသည် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဓာတ်လှေကားများ ပြန်လည်ပြုပြင်ပြီးစီးမှု၊ VIP အထူးတန်း ပွဲကြည့်စင် မှန်များနှင့် မီးလိုင်းများ ပြန်လည်ပြုပြင်တပ်ဆင်ပြီးစီးမှုအခြေအနေများအားလည်းကောင်း၊ ဘောလုံး ကွင်း မီတာ ၄၀၀ Synthetic ပြေးလမ်းခင်းကျင်းရန်အတွက် AC အလွှာ ခင်းကျင်းပြီးစီးမှုအခြေအနေ၊ ဘောလုံးကွင်းအတွင်းရှိ ပြန်လည် စိုက်ပျိုးထားသည့် မြက်ခင်းပြင် စိမ်းလန်းစိုပြည်စေရေးအတွက် ရေဖျန်းစနစ်တပ်ဆင်ထားရှိမှုအခြေအနေများအားလည်းကောင်း၊ အားကစားသမားနားနေခန်း၊ အဝတ် လဲခန်း၊ ဒိုင်လူကြီးများနားနေခန်း၊ သန့်စင်ခန်းအုတ်နံရံနှင့် နံရံပလာစတာများ ပြန်လည်ဖာထေး ပြုပြင်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C) မျက်နှာစာရှိ ကားပတ် လမ်းပြန်လည်ခင်းကျင်းပြီးစီးမှုအခြေအနေ၊ ရုံအတွင်းဘက် အုတ်နံရံနှင့် ပွဲကြည့်စင်ပြန်လည်ပြုပြင် ပြီးစီးမှုအခြေအနေများအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိရေကူးကန်သို့ သွားရောက်၍ မီတာ ၅၀ ပြိုင်ပွဲသုံး ရေကူးကန်နှင့် ဒိုင်ဗင်ကန် ပြန်လည်ပြုပြင်ပြီးစီးမှု၊ ရေကူးကန်အတွင်းသို့ ရေဖြည့်သွင်းထားမှုနှင့် ရေသန့်စင်ထားမှုအခြေအနေများအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု ရာခိုင်နှုန်းအလိုက် အချိန်မီပြီးစီး စေရေးနှင့် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ အရည်အသွေးကောင်းမွန်စေရေးတို့အတွက် တာဝန်ရှိသူ များက စိစစ်ကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဖြစ်၍ အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရန် တာဝန်ရှိ သူများကို မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ၏ ပင်မအားကစားကွင်းဖြစ်သော ရွှေကြာပင်အားကစား ကွင်းအတွင်းရှိ ဘောလုံးကွင်း မြက်ခင်းပြင်ပြန်လည်စိုက်ပျိုးပြီးစီးမှုနှင့် ရေဖျန်းစနစ်တပ်ဆင်ပြီးစီးမှု အခြေအနေ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက် လျက်ရှိသည့် မီတာ ၄၀၀ Synthetic ပြေးလမ်းအသစ် ပြန်လည်ခင်းကျင်းပြီးစီးမှုအခြေအနေအား လည်းကောင်း ပေ(၄၈၀x၆၀) အနောက်ဘက် အထူးတန်းပွဲကြည့်စင်နှင့် ပေ(၁၈၀x၁၅၀) မိုးလုံလေလုံ အားကစားရုံ ရှေ့မျက်နှာစာ Composite အပြားများ တပ်ဆင်ပြီးစီးမှုအခြေအနေ၊ ပွဲကြည့်စင်များနှင့် နံရံများ ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ LED ဘုတ်ပြား ပြုပြင်ပြီးစီးမှု၊ ရေလိုင်းမီးလိုင်းများ ပြန်လည်ပြုပြင်တပ်ဆင်ပြီးမှုအခြေအနေများအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူက လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြ ခဲ့ရာ ဒုတိယဝန်ကြီးက သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီသည့် Synthetic ပြေးလမ်းပါ ဘောလုံးကွင်း ရေရှည်တည်တံ့စေရေး၊ မြက်ခင်းများ စိမ်းလန်းစိုပြည်စေရေးအတွက် အားကစားကွင်း/ အားကစားရုံ သန့်ရှင်းရေးနှင့် မြက်ဖြတ်ခြင်းလုပ်ငန်းများကို ပုံမှန်ပြုလုပ်၍ ထိန်းသိမ်းဆောင်ရွက် သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးခရိုင်အတွင်းရှိ၊ ဒက္ခိဏသီရိမြို့နယ် အားကစားကွင်း မြေသားပြေးလမ်းခင်းကျင်းရန်အတွက် ကွင်းမြေညှိခြင်းလုပ်ငန်း၊ ဘောလုံးကွင်းကြမ်း ဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ငါးရိုးရေစိမ့်မြောင်း ထည့်သွင်းပြီးစီးမှု၊ ၄ လက်မ ကျောက်ခင်းခြင်းနှင့် အတွင်းရေနှုတ်မြောင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေများအား လည်းကောင်း၊ ဂါလံ ၈၀၀၀၀ဆံ့ ရေစုကန်(Ground Water Tank) မြေတူးခြင်းလုပ်ငန်း‌ ဆောင်ရွက်နေမှုနှင့် 100 KVA Transformer တပ်ဆင်ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ခြံစည်းရိုးအုတ်တံတိုင်းပတ်လည် အောက်ခြေဘက်ရှိ ခြုံနွယ်များ ရှင်းလင်းပေးသွားရန်လိုကြောင်း၊ ရေ၊ မီးသုံးစွဲမှု အဆင်ပြေစေရေးအတွက် ရေလိုင်း၊ မီးလိုင်းများ စနစ်တကျ သွယ်တန်းထားရှိရေးအတွက် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများကို မှာကြားခဲ့ပြီးနောက် အားကစားကွင်း/အားကစားရုံများ ရေရှည်တည်တံ့စေရေး၊ ပြိုင်ပွဲများ ကျင်းပပေးနိုင်ရေးနှင့် ပြည်သူများ လာရောက်လေ့ကျင့်နိုင်စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။